ကလေးအကျဉ်းထောင် ဆန္ဒပြ


2019.05.08
kalay-prisoner-protest-622.jpg စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်မှာ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေးအတွက် ၂၀၁၉၊ မေ ၈ ရက်နေ့က ဆန္ဒပြကြစဉ်
Photo: KyawThet Win

စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်မှာ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေးအတွက် အကျဉ်းသားတွေ ဒီနေ့ ဆန္ဒပြကြပါတယ်။

အကျဉ်းသားတွေဟာ လွတ်ချမ်းငြိမ်းသာ အခွင့်အရေး တန်းတူရရှိဖို့၊ လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံခွင့်ပေးဖို့၊ မီဒီယာတွေနဲ့ ချိတ်ဆက်ပေးဖို့နဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီး သမ္မတထံ ဆက်လက်တင်ပြသွားမယ်လို့ ကလေးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးညီညီက RFA ကို ပြောပါတယ်။

ဆန္ဒပြအကျဉ်းသားတွေကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနဲ့ အရပ်ဘက်လူမူအဖွဲ့အစည်းတွေ တေ့ွဆုံကာ ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

အကျဉ်းသားတွေအနေနဲ့ အမှုချင်းတူသူတွေ လွတ်ငြိမ်းချမ်းရရှိတဲ့အပေါ် မကျေနပ်ကြတာလို့လည်း သိရပါတယ်။

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေထဲမှာ ကလေးမြို့နယ် မော်လိုက်ကလေး အကျဉ်းထောင်ကနေ အကျဉ်းသား အကျဉ်းသူ ၇၀၀ နီးပါးလွတ်မြောက်ခဲ့ပေမယ့် တတိယအကြိမ်ဖြစ်တဲ့ မနေ့က လွတ်ငြိမ်းချမ်းသာခွင့်မှာတော့ မပါဝင်ဘူးလို့လည်း သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ဘားအံက တောင်ကလေးအကျဉ်းထောင်မှာလည်း ဆန္ဒပြတယ်လို့ ကြားသိရပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အခုလို အကျဉ်းထောင်အတွင်း ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။