ကလေးမြို့ စက္ကန့်ရွာက စိတ်မနှံ့သူနှစ်ဦး အပါအဝင် လေးဦး ပျောက်ဆုံးနေ

RFA Burmese
2023.10.09
ကလေးမြို့ စက္ကန့်ရွာက စိတ်မနှံ့သူနှစ်ဦး အပါအဝင် လေးဦး ပျောက်ဆုံးနေ ကလေးမြို့ စက္ကန့်ရွာ မီးလောင်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် စက္ကန့်ရွာကို အောက်တိုဘာ ၇ ရက်နေ့မှာ စစ်ကောင်စီ တပ်သားတွေ ဝင်ရောက် တပ်စွဲခဲ့တာကြောင့် ဒေသခံတွေထွက်ပြေးခဲ့ကြပေမယ့် မပြေးနိုင်ဘဲကျန်ခဲ့တဲ့ စိတ်မနှံ့သူနှစ်ဦး အပါအဝင် လေးဦး အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ စက္ကန့်ရွာထဲကို ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် တစ်ရွာလုံး ဘေးလွတ်ရာပြေးခဲ့ရပြီး အခု ပျောက်ဆုံးနေသူလေးဦးကို မခေါ်ဆောင်နိုင်ခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ရွာထဲကို ခဏပြန်ဝင်ချိန်မှာ သူတို့ကိုမတွေ့ခဲ့တာကြောင့် သေသလား၊ ရှင်သလားဆိုတာ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က ပြီးခဲ့တဲ့အပတ်က စကစတွေ စစ်ကြောင်းထိုးလာကတည်းက ထွက်ပြေးနေတာ၊ ထွက်ပြေးနေတုန်းမှာလည်း အပစ်ခံရတာ ကံကောင်းလို့မထိတာ။ ရွာကိုပြန်ဝင်လို့တောင် မရတော့ဘူး။ ကိုယ့်ဟာကိုယ် ဒီတိုင်းထွက်ပြေးလာကြတာ။ အသက်ကြီးတွေ၊ စိတ်မနှံ့တဲ့သူတွေကို ခေါ်ဖို့တောင် စိတ်ထဲမှာမရှိဘူး။ ကြောက်ကြတော့ အားလုံးက သူ့ဟာသူ ထွက်ပြေးကြတာ။ မထွက်ပြေးနိုင်တဲ့သူတွေ ဖြစ်လို့ သူတို့ကကျန်ခဲ့တာ။ အခုထိ အဆက်အသွယ်မရဘူး။ အိမ်တွေလည်း မီးရှို့ခံရတော့ အဲဒီမှာ ပါသွားတာလားပေါ့"

ပျောက်ဆုံးနေသူတွေဟာ စိတ်မနှံ့သူနှစ်ဦးဖြစ်တဲ့ ဦးထောင်ထန်နဲ့ ကိုလျန်ကျုံးထန်၊ ခရစ်ယာန်ဓမ္မ သိက္ခာတော်ရ ဆရာ ဦးဗျက်လွန်နဲ့ ဦးရမ်လိင့်တို့ ဖြစ်ပါတယ်။

ကလေးမြို့နယ်ထဲကို အောက်တိုဘာ ၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက္ကန့်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၇ ရက်နေ့ကနေ အောက်တိုဘာ ၈ ရက် ဒီနေ့အထိ သုံးရက်ဆက်တိုက် မီးရှို့တာကြောင့် နေအိမ် ရှစ်ဆယ်ထက်မနည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း အတွင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။