ကလေးမြို့နယ် သာယာကုန်းရွာက အဆောက်အအုံအချို့ မီးရှို့ခံရ

2021.10.08
ကလေးမြို့နယ် သာယာကုန်းရွာက အဆောက်အအုံအချို့ မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာယာကုန်းရွာမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့ထားတာကို ၂၀၂၁၊ အောက်တိုဘာ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထောက်ကြန့်အုပ်စုထဲက သာယာကုန်းရွာကို အောက်တိုဘာလ ၈ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေပြီး ဆန်စက်၊ ကြက်ခြံနဲ့ နေအိမ်တစ်လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာယာကုန်းရွာဟာ ကလေး - ဂန့်ဂေါလမ်းမကြီးပေါ် လမ်းရဲ့ အနောက်ဘက်ခြမ်းမှာရှိပြီး စစ်ကောင်စီ တပ်သားတွေဟာ မိုင်းဝင်ရှာရင်း မီးရှို့ခဲ့သလို လမ်းမကြီးတစ်လျှောက်လည်း ပစ်ခတ်သွားတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော့် မိဘတွေ အသက် ခုနှစ်ဆယ်ကျော် အဖိုးကြီး၊ အဖွားကြီးတွေပါဗျာ၊ ထွက်ပြေးနေကြရတယ်၊ အခုဆို မြောင်းထဲ မှောက်ဝပ်နေကြရတယ်တဲ့၊ ဖုန်းပြောနေရင်း လိုင်းပျက်သွားလို့ ဘာဆက်ဖြစ်မလဲ မသိသေးဘူး” လို့ ရွာမှာ မိဘတွေကျန်ခဲ့တဲ့ ဒေသခံ ရွာသားတစ်ဦးက ဆိုပါတယ်။

ရွာထဲက ဗန်ကြန်ဆိုတဲ့ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ်ပိုင်း စစ်ကောင်စီတပ်သားတွေ ရွာထဲကနေ ပြန်ထွက်သွားပေမယ့် ဒေသခံအချို့ကတော့ ကြောက်လန့်ပြီး ထွက်ပြေးနေကြရတာကြောင့် ရွာထဲမှာအနည်းငယ်ပဲ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က မီးရှို့သွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

သာယာကုန်းရွာအနားမှာ အောက်တိုဘာလ ၇ ရက် မနေ့က စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲခံရပြီး ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တာကြောင့် ဒီနေ့မှာ စစ်ကား ၅၀ ဝန်းကျင်နဲ့ အင်အား ၁၅၀ နီးပါး ပြန်ရောက်လာပြီး ရှာဖွေမှုတွေလုပ်ခဲ့တာလို့ ဒေသခံက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။