ကလေးမြို့မှာ လူငယ်နှစ်ဆယ်ကျော် ဖမ်းဆီးခံရ

RFA Burmese
2024.06.09
ကလေးမြို့မှာ လူငယ်နှစ်ဆယ်ကျော် ဖမ်းဆီးခံရ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့က မင်းတပ်မြို့တွင် တွေ့ရစဉ်။
Photo: RFA

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မင်းကြီးဟိုတယ် ရေကူးကန်မှာ ရေကူးနေတဲ့ လူငယ်နှစ်ဆယ်ကျော်ကို ဇွန်လ ၉ ရက်နေ့မှာ ရဲနဲ့ စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့တွေက လာရောက်ပိတ်ဆို့ဖမ်းဆီးသွားတယ်လို့ ကလေးမြို့ခံ တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ဝန်းကျင် လူငယ်အမျိုးသားအများစုဖြစ်ပြီး အမျိုးသမီးတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အင်အား သုံးဆယ်ခန့်ပါတဲ့ ရဲနဲ့ စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့တွေက ဟိုတယ်အဝင်အထွက်တွေကိုပိတ်ပြီး ရုတ်တရက် ဝင်ရောက်ဖမ်းဆီးတာလို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

“ခါတိုင်းဆိုရင် အဲဒီဟိုတယ်ရှေ့နားမှာက ဆိုင်ကယ်တွေ ဘာတွေ စစ်ဆေးနေကျ။ မနေ့ကတော့ ရုတ်တရက် မင်းကြီးဟိုတယ်ကိုဝင်ပြီး ရှေ့က တံခါးတွေပိတ်၊ ဘေးတွေလည်း ကားနဲ့ပတ်လှည့်ပြီးတော့ အကုန်လုံးဖမ်းတာ။ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေရော လူငယ်တွေချည်းပဲ။ အယောက်နှစ်ဆယ်ကျော်လောက်ရှိမယ်။ တနင်္ဂနွေနေ့ဆို ရေကူးကန်က စည်တာကိုး။ အခကြေးငွေ ပေးပြီးကူးကြတာ မိသားစုလိုက်တွေ၊ လူငယ်တွေ လာကူးကြတာ”

လူငယ်အများစု သွားလာတတ်တဲ့နေရာကို လာရောက်ဖမ်းဆီးတာကြောင့် အခုလိုဖမ်းဆီးမှုဟာ စစ်သားစုဆောင်းဖို့အတွက် ဖြစ်နိုင်တယ်လို့ နောက်ထပ် ကလေးဒေသခံတစ်ဦးက ပြောပါတယ်။

"ဟိုတယ်မှာ၊ တည်းခိုခန်းမှာ ဖမ်းတာမျိုးက အရင်တုန်းက ရှိခဲ့ဖူးတယ်။ ရေကူးကန်မှာ လူငယ်တွေ ဖမ်းသွားတယ်ဆိုတာက ကလေးမြို့မှာ ပထမဦးဆုံးပဲ။ ဘာအကြောင်းပြချက်မှ မရှိဘဲ ဝင်ဖမ်းသွားတာ။ ဖမ်းသွားတာလည်း အသက်နှစ်ဆယ်အရွယ်တွေဆိုတော့ စစ်သားသစ် စုဆောင်းဖို့အတွက် ဖမ်းတာပဲ ဖြစ်နိုင်တယ်"

လူငယ်တွေ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကို RFA အနေနဲ့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဒီရက်ပိုင်းမှာတော့ ကလေးမြို့မှာ ရဲလုံခြုံရေးအင်အား ပိုတင်းကျပ်လာပြီး မြို့တွင်းလမ်းတွေမှာ အစစ်အဆေး တွေ ပိုများလာတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ကလေးမြို့ ပင်လုံရပ်ကွက် ဖိုးလမင်းမုန့်ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ်မှာတော့ ဆိုင်ပိုင်ရှင် အပါအဝင် ဆိုင်ဝန်ထမ်းနဲ့ စျေးဝယ်လာသူ စုစုပေါင်း ၁၅ ဦးခန့် ဖမ်းဆီးခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၇ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၂၆,၈၃၇ ဦး ရှိပြီး အဲဒီထဲက ၂၀,၅၇၈ ဦးက ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။