ကလေးမြို့က NLD ပါတီရုံး ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာ ၁၇ ရက်နေ့ မနေ့ မွန်းလွဲ ၁ နာရီလောက်က ပင်လုံရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ကလေးမြို့ ခံတွေက ပြောပါတယ်။
ကလေးမြို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကတော့ လေဆိပ်ဝန်းကျင်မှာ ဗုံးကွဲတဲ့ဖြစ်စဉ်နဲ့ဆက်နွယ်ပြီး ပစ်မှတ်ထားဖျက်ဆီးတာလို့ ယူဆကြောင်း ပြောပါတယ်။
"ဘာကြောင့်မို့လဲဆိုတော့ အကြောင်းပြချက်က အများကြီးမရှိပါဘူး။ NLD ရုံးတိုင်းကို ဒီလိုလုပ်နေတာပဲ။ မျှော်လဲမျှော်လင့်ပြီးသားပါပဲ။ ဒါပေမယ့် မနေ့ကဖြစ်စဉ်ကတော့ ဒီလေဆိပ်ဝန်းကျင်မှာဗုံးကွဲတယ်။ NLD ရုံးကလည်း လေဆိပ်ဝန်းကျင်မှာရှိနေတယ်။ NLD ရုံးကို ပစ်မှတ်ထားပြီး လုပ်တဲ့သဘောလို့ ယူဆရ ပါတယ်"
ပိတ်ထားတဲ့ ပါတီရုံးခြံဝင်းတံခါးကိုဖွင့်ပြီးတော့ ရုံးအတွင်းမှာရှိတဲ့ပစ္စည်းတွေကို ဖျက်ဆီးသွားတာဖြစ်ပြီးတော့ ဆုံးရှုံးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပါတီရုံးကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖျက်ဆီးတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင် စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်ရှိမှာ PDF ဘက်က ၁၂ ဦး ဖမ်းဆီးခံရသလို စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးခဲ့တယ် လို့ ကလေးမြို PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကလေးမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ ၆၀ ကျော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီး လူငယ်ခေါင်းဆောင် မအိဖြူဝင်း၊ မြို့နယ်အလုပ်အမှုဆောင် ဦးကျော်မိုး အပါအဝင် ဖမ်းဆီးခံရသူ ၃၀၀ ကျော်ရှိတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။