စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးအတွင်း ကလေးမြို့နယ်ထဲက အိမ် အလုံး ၄၀ ခန့် မီးရှို့ခံရ

2021.12.04
စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးအတွင်း ကလေးမြို့နယ်ထဲက အိမ် အလုံး ၄၀ ခန့် မီးရှို့ခံရ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ လယ်ခြားကျေးရွာမှာ နေအိမ်တွေ မီးလောင်နေတာကို ၂၀၂၁၊ ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Kalay Post

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာကြောင့် ကျေးရွာဆယ်ရွာထက်မနည်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထွက်ပြေးနေရတဲ့ ဒေသခံ အယောက် ငါးထောင်လောက်ရှိပြီး စစ်ကောင်စီတပ်သားတွေဟာ အိမ်အလုံး ၄၀ လောက်ကိုလည်း မီးရှို့သွားတယ် လို့လည်း ဆိုပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှာ ကလေးမြို့ ရေရှင်ရွာ၊ ဒီဇင် ဘာ ၁ ရက်မှာ လယ်ခြားရွာနဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ကုက္ကိုလ်ရွာ တွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ပြီး အဲဒီရွာတွေက အိမ်ခြေ ၃၇ လုံး မီးလောင်ကျွမ်း ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"PDF တွေရှို့တာ သူတို့တောင် ဝိုင်းကူသတ်ပေးတယ်ဆိုတော့ ဗြောင်လိမ်ဗြောင်းစားလုပ်တာ"

ရွာမှာဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ရှိနေတယ်ဆိုတဲ့ သံသယနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး နေအိမ်တွေကို မီးရှို့သွားတာလို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရေရှင်ရွာ ဒေသခံက RFA ကို ပြောပါတယ်။

“သူတို့ ပြောတာတော့ စစ်ကြောင်းဆင်းလာတာတဲ့။ စစ်ကြောင်းဆင်းတာလား မီးရှို့ဖို့လာတာလား ကျွန်မတို့လည်း သေချာမသိရဘူးရှင့်။ တောင်ယာလုပ်စားတဲ့သူတွေလည်း မရှိဘူး။ အခု ရှို့ခံရတဲ့ကိစ္စ ကလည်း ဘယ်သူမှ မပါဘူး၊ တောင်သူ ရိုးရိုးလေးလုပ်စားနေတဲ့ သူတွေပဲ။ အဲဒါကို သူတို့က ဒေသခံ အိမ်တွေကို မီးရှို့သွားတာ။ ခန့်မှန်းခြေနဲ့ စစ်ကြောင်းထိုးတယ်ဆိုပြီး ကျွန်မတို့ ရွာအရှေ့ဘက်မှာ တောင်တန်းတွေရှိတာလေ အဲဒီလိုမျိုးတွေ၊ ရွာထဲတွေဝင်ပြီး မီးရှို့သွားခဲ့တာရှင့်”

လက်ရှိစစ်ကောင်စီတပ်သားတွေ အဲဒီရွာက ပြန်ထွက်ခွာသွားကြပြီဖြစ်လို့ ရွာသားတချို့ကတော့ ရွာမှာပြန် နေနေကြပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်မှာလည်း စစ်ကောင်စီတပ်တွေဟာ လယ်ခြားရွာကို ဝင်ရောက်လာခဲ့ပြီး နေအိမ်နဲ့ စပါးကျီတွေ မီးရှိုခံလိုက်ရတယ်လို့ အမည်မဖော်လိုတဲ့ လယ်ခြားရွာခံက RFA ကို ပြောပါတယ်။

“၁ ရက်နေ့မှာတော့ လယ်ခြားကို မီးရှို့တယ်ဗျ။ အဲဒီမှာ အိမ်ခြေက ၂၃ အိမ်ဗျ။ ပြီးတော့ စပါးသိမ်းတဲ့ စပါးကျီတွေကိုလည်း ရောပါသွားပြီး ရှို့ချင်လည်းရှို့မှာပေါ့ဗျာ။ အဲဒါ စပါးကျီက ၁၀ လုံးလောက်ရှိတယ်ဗျ။ ပဲတင်းတိုက်တွေက နွားကျွေးဖို့ နွားစာတွေစုထားတဲ့ နွားစာတိုက်တွေက ၁၂ လုံးလောက် ရှို့ခံရတယ်ဗျ။ အခု လယ်ခြားရွာ မီးရှို့တာကို ကျွန်တော်တို့ မရှို့ဘူး။ PDF တွေရှို့တာ သူတို့တောင် ဝိုင်းကူသတ်ပေး တယ်ဆိုတော့ ဗြောင်လိမ်ဗြောင်းစားလုပ်တာ။ ကျွန်တော်တို့ မြင်နေတာကြီးကို ဗြောင်လိမ်ဗြောင်စား လုပ်တာဗျ”

လယ်ခြားရွာကနေ စစ်သားတွေထွက်သွားပြီး ဒီဇင်ဘာ ၂ ရက်မှာလည်း ကုက္ကိုလ်ရွာထဲက အိမ် ၁ လုံးကိုလည်း မီးရှို့သွားခဲ့တယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

ကလေးမြို့နယ်ထဲက ရွာတွေမီးရှို့ခံရတာနဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လို့ စစ်ဘေးရှောင်ရတဲ့ ဒုက္ခသည် စုစုပေါင်း ငါးထောင်နီးပါးရှိတယ်လို့ ဒေသခံခုခံကာကွယ်ရေးအဖွဲ့ RKDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇီက RFA ကို ပြောပါတယ်။

“တောထဲတွေမှာ ရှောင်ကြတဲ့အနေအထားက တစ်နေရာကို နှစ်ရာဝန်းကျင်၊ သုံးရာဝန်းကျင် ရှောင်ကြ တော့ ကျွန်တော်ထင်တာ သုံးထောင်ကနေ ငါးထောင်ကြားရှိမယ် တစ်သောင်းတော့ မရှိနိုင်ဘူး။ အဲဒီ လူတွေရဲ့ အခက်အခဲက ကလေးရော၊ သက်ကြီးရွယ်အိုရော အပါအဝင် ကျွန်တော်တို့ စခန်းကို သူတို့ ခါးဝတ်ခါးစားနဲ့ ပြေးလာကြတာ လူပေါင်း နှစ်ရာလောက် ရှိမယ်ဗျ။ အဲဒီဟာကို ကျွန်တော်တို့ RKDF က တာဝန်ယူပြီး အလှူငွေတွေ ကောက်ခံတယ်။ စစ်ဘေးရှောင် အလှူငွေ ကောက်ခံပြီး ကျွေးမွေးထားတယ်။ ဒါပေမဲ့ အခုတော့ ရွာထဲမှာ နည်းနည်းအခြေအနေ ငြိမ်းချမ်းပြီဆိုပြီး ရွာပြန်သွားတာရှိတယ်ဗျ”

ဒေသခံခုခံကာကွယ်ရေးအဖွဲ့ RKDFကလည်း ကလေးမြို့နယ် ရှားတော၊ လယ်ခြားရွာတွေကနေ ပြန်ထွက် လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို နင်းမိုင်း၊ ဆွဲမိုင်းတွေနဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ မနေ့က ပြန်လည်တိုက် ခိုက်ခဲ့ပါတယ်။

kale-township-fire.jpg
(စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ လယ်ခြားကျေးရွာမှာ နေအိမ်တွေ မီးလောင်နေတာကို ၂၀၂၁၊ ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရစဉ်) Photo: CJ

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးယောက် သေဆုံးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ရွာတွေထဲ ဝင်ရောက်စီးနင်းချိန်မှာ အင်းကျွန်းရွာနဲ့ ရေရှင်ရွာတို့က ရွာသားတချို့ မီးရှို့သတ်ဖြတ်ခံရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့တော့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

ကလေးမြို့က ရွာတွေထဲ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် လတ်တလော ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကလေးမြို့နယ်ထဲမှာရှိတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းနိုင်ဖို့ စစ်ကောင်စီတပ်တွေဟာ ဒေသတွင်းရှိရွာတွေကို နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။