ကလေးမှာ တိုက်ပွဲပြင်းထန်လို့ ရွာသားတစ်ဦးကို ၆ ရက်ကြာမှ သင်္ဂြိုဟ်ခဲ့ရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ခုခံကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေဖြစ် ပွားစဉ်အတွင်း စစ်ကောင်စီလက်ချက်နဲ့ စီးစံရွာက အသက် ၄၈ နှစ်အရွယ် ချင်းတိုင်းရင်းသား ဦးဗျက်နေထန်း ဆိုသူ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးဗျက်နေထန်းကို ကလေး PDF စခန်းအနီးမှာ တွေ့ရှိချိန် ဦးခေါင်းသေနတ်ကျည်ဆန်ဒဏ်ရာ၊ လည်ပင်း ဓားနဲ့လှီးခံထားရတဲ့ဒဏ်ရာ၊ လက်ပြန်ကြိုးတုပ်လျက် အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ စီးစံ ရွာသားတွေက ပြောပါတယ်။
ဦးဗျက်နေထန်းဟာ နိုဝင်ဘာ ၁၄ ရက်နေ့က တောထဲမှာ ဟင်းသီးဟင်းရွက်ရှာဖို့သွားရင်း စစ်ကောင်စီ တပ်သားတွေနဲ့တွေ့ပြီး အသတ်ခံရတာလို့ ရွာသားတွေက ပြောပေမယ့် စစ်ကောင်စီဘက်က သတင်းမထုတ် ပြန်သေးသလို RFA ကလည်း သီးခြားအတည်အပြုနိုင်သေးပါဘူး။
သူ့ရဲ့အလောင်းကိုတော့ စစ်ကောင်စီတပ်နဲ့ ကလေး PDF တို့ တိုက်ပဲွဲဖြစ်နေတာကြောင့် နိုဝင်ဘာ ၁၉ ရက် မနေ့ကမှ အလောင်းပြန်ကောက်ခဲ့ရပြီး ညနေပိုင်းမှာ စီးစံသုသန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ရွာသားတွေက ဆိုပါတယ်။
သာမန်အရပ်သားတစ်ဦးဖြစ်ပြီး ဆန္ဒပြပွဲတွေ PDF တပ်ဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်ရှိသူမဟုတ်ဘဲ သူ့မှာ ဇနီးနဲ့ သားသမီး လေးယောက် ကျန်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကလေးမြို့မှာ စီးစံရွာအနီးက တောတောင်တွေမှာ နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး အမျိုးသမီးတပ်ဖွဲ့ဝင် ကိုးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ကလေး PDF က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲအနီးက စီးစံ၊ စက္ကန့်၊ လေးအိမ်စု၊ ရှားတော၊ ရွာသစ်၊ ဇင်းကလင်း၊ ချင်းဆိုင် စတဲ့ ကျေးရွာတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။