ကလေးမြို့နယ်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
2023.06.16

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ကျေးရွာမှာ ဇွန်လ ၁၆ ရက် ဒီနေ့မှာ စစ်ကောင်စီ တပ်နဲ့ ကလေးဒေသ ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီး သာစည်ရွာ ဘုန်းကြီးကျောင်းကို ကျရောက်ခဲ့တာကြောင့် ကျောင်းပေါ်မှာစာသင်နေတဲ့ ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးဟာ ဗိုက်ကို လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး ကျန်ကလေးနှစ်ဦးလည်း ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရသွားကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာစည်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့မနက်ပိုင်းက စပြီးဖြစ်တာ။ လက်နက်ကြီးတွေရော၊ သေနတ်သံတွေရော ကြားနေရတယ်။ ရွာထိပ်က စားသောက်ဆိုင် အပါဝင် အိမ်တချို့မီးလောင်သွားတယ်။ ဘုန်းကြီးစာသင်ကျောင်းပေါ်မှာ လက်နက်ကြီးကျတယ်။ ကလေး တစ်ဦးသေတယ်၊ ဒဏ်ရာရတာလည်းရှိတယ်။ အခု တိုက်ပွဲဖြစ်နေဆဲ။ ရွာကနေ ကျွန်တော်တို့ ဘေးလွတ်ရာကို ပြေးနေရတယ်"
သေဆုံးသွားတဲ့ ကလေးနာမည် နဲ့ ဒဏ်ရာရတဲ့ သူတွေရဲ့နာမည်တွေ အသက်တွေကိုတော့ အတိကျမပြောနိုင်သေးဘူးလို ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီရော ကလေးဒေသကာကွယ်ရေးအဖွဲ့ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကလေးတွေ ထိခိုက်သေဆုံးရတဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့်လို့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
သာစည်ရွာဟာ ကလေးမြို့ရဲ့ တောင်ဘက် သုံးမိုင်ခန့်ဝေးပြီး အိမ်ခြေ တစ်ထောင်ကျော်၊ လူဦးရေ ငါးထောင်နီးပါး နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။
အခု လက်ရှိမှာ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သာစည်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။