ကလေးဝမြို့နယ် PDF စခန်း စီးနင်းခံရပြီး တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရ
2023.11.10
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် ဆင်အိုင်မရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းကို နိုဝင်ဘာလ ၉ ရက် ညပိုင်းက စစ်ကောင်စီတပ်က အလစ်ငိုက် စီးနင်းခဲ့တာကြောင့် တပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ရှစ်ဆယ်နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းခဲ့တယ်လို့ ပြောပါတယ်။
တစ်နာရီနီးပါးကြာတဲ့ ဒီစီးနင်းမှုအတွင်း လက်နက်တချို့ ဆုံးရှုံးခဲ့ရသလို စခန်းလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
PDF တပ်ဖွဲ့ဝင် သေဆုံးတာနဲ့ ဖမ်းဆီးခံရတာတွေ ရှိပေမယ့် တိတိကျကျ မပြောနိုင်သေးဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သေဆုံးတာက အရေအတွက် များပါတယ်။ သို့သော် ဘယ်လောက်ဆိုတာက အတိအကျ ပြောဖို့ ခက်နေတယ်။ အကုန်လုံးက ပျောက်နေတာဆိုတော့ သေတာလား၊ ဖမ်းခံရတာလားဆိုတာ မပြောနိုင်သေးဘူး။ လတ်တလောကတော့ ဆယ်ဦးကျော် သေဆုံးတာပဲ ပြောလို့ရမယ်”
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဆင်အိုင်မရွာအနီး PDF စခန်းကို နိုဝင်ဘာလ ၉ ရက် ည ၈ နာရီခွဲမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာလို့ ရေးသားထားပါတယ်။
ဒီစီးနင်းမှုအတွင်း PDF တပ်ဖွဲ့ဝင် ၂၈ ဦးသေဆုံးခဲ့တယ်လို့လည်း ရေးသားဖော်ပြပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။