ကျောက်နီမော် ကမန်ကိစ္စ လွှတ်တော်ထံပေးပို့ဖို့ တင်ပြ
2019.02.13

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ အစိုးရက ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးထားသူ လူဦးရေ ၃၃၀၀ နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လွှတ်တော်ထံပေးပို့ဖို့ ဒီနေ့ကျင်းပတဲ့ ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းလိုက်ပါတယ်။
အဲဒီအဆိုကို တင်သွင်းလိုက်တဲ့ ကျောက်ဖြူမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက အစိုးရရဲ့ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိတာကြောင့် အခုလို အဆိုတင်သွင်းတာလို့ပြောပါတယ်။
ဒီကိစ္စအပေါ် ကန့်ကွက်မယ့်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ အစိုးရက လူပေါင်း ၃၃၀၀ ကျော်ကို ကမန်တိုင်းရင်း သားအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးခဲ့တာနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကွင်းဆင်းသွားရောက်စုံစမ်းခဲ့ရာမှာ မှားယွင်းနေတဲ့ အချက်အလက်တွေကို တွေ့ရှိခဲ့တယ်လို့ ကွင်းဆင်းစုံစမ်းရာမှာ ပါဝင်ခဲ့တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက အခုလိုပြောပါတယ်။
"အုပ်စုတွေခွဲပြီးတော့ ကျွန်တော်တို့က မေးကြည့်တယ်။ မေးကြည့်တော့ ကျောင်းသူလေးတစ်ယောက်မှာ မှားယွင်းနေတာကို တွေ့ခဲ့ရတယ်။ အဲဒါကဘာလဲဆိုတော့ သူ့ရဲ့အဖိုးက မော်လမြိုင် အစ္စလာမ်ဘာသာဝင်၊ သူ့ရဲ့အဖွားက မာန်အောင်သူ ရခိုင် ဗုဒ္ဓဖြစ်တယ်။ သူ့ရဲ့အဖေနဲ့အမေက ကျောက်နီမော်က ဖြစ်တယ်။ အဲဒါကို သူ့ကို အိန္ဒိယ-ကမန်ဆိုပြီး ထုတ်ပေးထားတာကို တွေ့ခဲ့ရတယ်ခင်ဗျ။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့က သံသယရှိပါတယ်"
ဘူးသီးတောင်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ခေါင်းဆောင်အဖြစ် ပါတာဝန်ယူပြီး အဖွဲ့ဝင် ၄ ဦးပါတဲ့ အဲဒီကော်မတီက ကျောက်နီမော်ကျေးရွာက နိုင်ငံသားကိစ္စနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို မကြာခင် ပြည်နယ်လွှတ်တော်ထံ တင်သွင်းမှာဖြစ်တယ်လို့ပြောပါတယ်။
အဲဒီကော်မတီက ကျောက်နီမော်ကျေးရွာမှာရှိတဲ့ နိုင်ငံသားစိစစ်ရေးကတ် ရရှိထားသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
ရမ်းဗြဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးထွန်းအောင်ခိုင်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ရာမှာ သူ့အနေနဲ့ အပေါ်က ညွှန်ကြားချက်အရ ထောက်ခံလက်မှတ်ရေးထိုးခဲ့ရပြီး သူ့အနေနဲ့ တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခွင့်မရှိကြောင်း ပြောဆိုခဲ့တယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရမ်းဗြဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးထွန်းအောင်ခိုင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဖုန်းကိုင်ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။
နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကျောက်နီမော်ကျေးရွာက လူ ၃၃၀၀ ကျော်ကို ကမန်တိုင်းရင်းသားအမည်နဲ့ မှတ်ပုံတင်ထုတ်ပေး ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့တဲ့ ကမန်တိုင်းရင်းသား ၂၉၅ ဦးသာရှိခဲ့ပေမယ့် အခုမှတ်ပုံတင် ထုတ်ပေးထားတဲ့ အရေအတွက်ဟာ အမှန်တကယ်ရှိနေတဲ့ ကမန်လူဦးရေထက် များနေသလို ကမန်မဟုတ်သူတွေကို ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးတယ်ဆိုပြီး ကန့်ကွက်မှုတွေရှိနေတာ ဖြစ်ပါတယ်။
ကျောက်နီမော်ဒေသခံတွေကတော့ သူတို့မှာ မှတ်ပုံတင်မရှိတာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတဲ့အတွက် နိုင်ငံသားဥပဒေနဲ့အညီ မှတ်ပုံတင်တွေ ထုတ်ပေးဖို့ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ ဆက်တိုက်တင်ပြ ခဲ့ကြပြီးနောက် အခုလို မှတ်ပုံတင်တွေ ရရှိခဲ့ကြတာလို့ဆိုပါတယ်။
ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးနောက် နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မှတ်ပုံတင်ထုတ်ပေးထားသူ ၃၃၀၀ ကျော်ကို ပြန်လည် စီစစ်ခဲ့ရာမှာ ကမန်လူမျိုးဟုတ်မဟုတ် မသေချာတဲ့ လူ ၂၁ ဦးကို တွေ့ရှိခဲ့ပါတယ်။
မှတ်ပုံတင်ထုတ်ပေးထားတဲ့ လူ ၃၃၀၀ ကျော်ရဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ် တွေက လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှာ ကြည့်ရှုဖို့ ပြောဆိုကြရာမှာ ကြည့်ရှုခွင့် မရဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးထားတဲ့ လူ ၃၃၀၀ ကျော်နဲ့ပတ်သက်တဲ့ အချက်အလက်နဲ့တွေကိုချပြဖို့ ပြည်နယ်အစိုးရကို ပြီးခဲ့တဲ့လက စာရေးသား ပြောဆိုခဲ့ရာမှာ ဝန်ထမ်းစည်းကမ်း၊ လျှို့ဝှက်ချက်အက်ဥပဒေအရ ကန့်သတ်ထားတာကြောင့် ပေးလို့မရဆိုပြီး ပြန်လည်အကြောင်းကြားခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကပြောပါတယ်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက အခုလိုထောက်ပြပါတယ်။
"သူတို့က ပွင့်လင်းမြင်သာမှုမရှိဘူး။ အဲဒါက သူတို့လုပ်ထားတာ အားနည်းချက်ရှိနေလို့ ဖြစ်မယ်။ ဒီသဘောလို့ပဲ သုံးသပ်ပါတယ်။ အာဏာမရှိခင်ကတော့ တစ်မျိုး၊ အာဏာရလာတဲ့အခါ တစ်မျိုးပြောင်းသွားတယ်လို့ ပြောရမလား။ အမှန်က ဒီကိစ္စက လူထုကိုကျေနပ်အောင် သူတို့ဖြေရှင်းပေးရမှာလေ။ မိသားစုမှတ်တမ်းတွေကို အကုန်လုံးသိခွင့်မရှိဘူးဆိုတော့ ဒါကမဖြစ်သင့်ဘူးလေ"
ကျောက်နီမော်ကျေးရွာက ကမန် ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ဇံကလည်း အခုလိုပြောပါတယ်။
"သူတို့ချပြချင်ရင်လည်း လဝက ဌာနကပဲ ချပြရမယ်။ ချပြမပေးဘူးဆိုရင်လည်း ကျွန်တော်တို့က ဘာမှမတတ်နိုင်ဘူး။ ကျွန်တော့်အမြင်ကတော့ နိုင်ငံသားစိစစ်ရေးကိစ္စဟာ နိုင်ငံတော်ရဲ့ကိစ္စဖြစ်တယ်။ နိုင်ငံတော်ရဲ့လမ်းညွှန်ချက်နဲ့ သွားနေတယ်လို့မြင်တယ်"
ကမန်တိုင်းရင်းသားအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးထားသူ လူ ၃၃၀၀ ကျော်ရဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ကြည့်ရှုလေ့လာခွင့်မရဘူးဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်းကို RFA က ဒီနေ့ညနေ ၃ နာရီခွဲမှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
ဒီနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အဲဒီ လူ ၃၃၀၀ ကျော်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြည်နယ်အစိုးရက ပြည်နယ်လွှတ်တော်ထံ ပေးပို့ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက အဆိုတင်သွင်းခဲ့ပြီး ကန့်ကွက်မယ့်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကတော့ ဒီအဆိုဟာ အစိုးရဘက်က မှတ်ပုံတင် ထုတ်ပေးထားသူတွေရဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့ ဖုံးဖိဖို့ကြိုးစားနေတာတွေအတွက် ဥပဒေနဲ့အညီ ချပြလို့ရအောင်ဆောင်ရွက်တဲ့ နောက်ထပ် ကြိုးစားမှုတစ်ခုဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။