ကန့်ဘလူမှာ စက်တင်ဘာအတွင်း အရပ်သားနှစ်ဦး အသတ်ခံရပြီး နေအိမ် ခုနစ်လုံး မီးရှို့ခံရ

RFA Burmese
2023.10.14
ကန့်ဘလူမှာ စက်တင်ဘာအတွင်း အရပ်သားနှစ်ဦး အသတ်ခံရပြီး နေအိမ် ခုနစ်လုံး မီးရှို့ခံရ စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ကန့်ဘလူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စက်တင်ဘာလအတွင်း အရပ်သားနှစ်ဦး သတ်ဖြတ် ခံရပြီး နေအိမ်ခုနစ်လုံး မီးရှို့ခံခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က အောက်တိုဘာလ ၁၂ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂ ရက်က အင်းလယ်ကြီးရွာကို စစ်ကောင်စီတပ်တွေ စီးနင်းပြီးနောက် အသက် ၃၅ နှစ်အရွယ် ကိုဝင်းကြိုင်နဲ့ အသက် ၂၇ နှစ်အရွယ် ကိုဇင်အောင်တို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသလို အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကတော့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းလယ်ကြီးဒေသခံတစ်ဦးက ကိုဝင်းကြိုင်နဲ့ ကိုဇင်အောင်တို့ နှစ်ဦးဟာ စစ်ကြောင်းဝင်လာချိန် တဲတိုက်ထဲ ပုန်းအောင်းနေပြီးနောက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံခဲ့ရတာလို့ ပြောပါတယ်။

ဒါ့အပြင် ညန်အင်း၊ မြိုင်သာယာ၊ လေးလှ စတဲ့ ရွာသုံးရွာက နေအိမ်ခုနစ်လုံးလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ဒါဟာ စက်တင်ဘာလမှာ နှစ်ဖက်တိုက်ပွဲဖြစ်တာ နည်းသွားတဲ့သဘောရှိပေမယ့် အခုအောက်တိုဘာလ ပထမပတ်ကစပြီးတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန် လာနေတယ်လို့ ကန့်ဘလူ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား ၄၁၆၄ ဦး သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။