ယာမြေထဲက တဲများ မဖျက်ရင် အရေးယူမည်ဟု ကြေညာ
2014.08.17

ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်က လယ်သမားတွေ လယ်ယာမြေထဲမှာဆောက်ထားတဲ့ တဲတွေမဖျက်သိမ်း ရင် ဥပဒေအရ အရေးယူမယ်လို့ မြို့နယ် အုပ်ချုပ်ရေး မှူးရုံးက ဒီနေ့ အကြောင်းကြားတယ်လို့ လယ် သမားတွေက ပြော ကြပါတယ်။
လယ်သမားတွေစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကိုလည်း စစ်တပ်က အင်အားသုံး နေ့တိုင်းဖျက်ဆီးနေပြီး အခုတော့ မြို့နယ်အတွင်း သိမ်းယူထားတဲ့ ယာမြေတွေက တဲတွေဖျက်ဖို့ ညွှန်ကြားတာလို့ ငှက်ပျော်ကိုင်းရွာက တောင်သူ ဦးဇော်ဝင်းမောင် က ပြောပါတယ်။
"လယ်ယာမြေထဲမှာ ဆောက်ထားတဲ့တဲတွေကို ဖျက်ဆီးခိုင်းတယ်၊ မဖျက်ရင် တရားစွဲမယ်လို့ စစ်တပ်က ဒီလိုကြေညာတယ်၊ နောက်ပြီးတော့ ကန့်ဘလူမြို့နယ် တရားရုံးက မြို့နယ်အာဏာပိုင် အဖွဲ့အစည်းကလည်း ဒီကနေ့မနက်မှာပဲ လာပြောသွားပါတယ်၊ တဲတွေကိုဖျက်မပေးဘူးဆိုရင် ဥပဒေကြောင်းအရ တရားစွဲမယ်ဆိုခံရမယ် ဆိုတဲ့အကြောင်းတွေတော့ ပြောပါတယ်၊ အဲ့ဒီတော့ တောင်သူလယ်သမားတွေက ဒီဆင်းရဲတဲ့ဘဝကနေ ငတ်မဲ့ဘဝ၊ နေစရာမရှိတဲ့ဘဝ ကိုတောင် ရောက်မဲ့အနေအထား ဖြစ်နေပါပြီ"
ဒါ့အပြင် သီးနှံစိုက်ခင်းတွေကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်ကတည်းက ဖျက်ဆီးနေတယ်လို့ ဦးဇော်ဝင်းမောင် ကပဲပြောပါတယ်။
"တောင်သူလယ်သမားတွေ စိုက်ပျိုးထားတဲ့သီးနှံခင်းတွေကို စစ်တပ်က အင်အားသုံးပြီးတော့ အင်အား ၂၀၀ ကျော်နဲ့ သီးနှံခင်းတွေကို ဖျက်ဆီးနေပါတယ်၊ ဒီကနေ့လည်း ဖျက်ဆီးနေပါတယ်ခင်ဗျ၊ နေ့စဉ် ဖျက်ဆီးနေတာပါ၊ ၂၂ ရက်၊ ၇ လ ပိုင်းကနေပြီး ဖျက်ဆီးတာ အခုအချိန်အထိအောင်ပါပဲ၊ ငှက်ပျောကိုင်းက တောင်သူလယ်သမားတွေ ယာခင်းတွေကိုပါခင်ဗျ၊ ဧကပေါင်း ၁၃၀၀၀ ခင်ဗျ၊ အဲ့ဒီထဲက သူတို့ဖျက်ဆီးတာက အခုဆိုရင် ၅၀၀၀ ကျော်လောက် ပျက်စီးသွားပါပြီခင်ဗျ၊ တပ်ကတော့ အစုံပဲခင်ဗျ အများကြီးပါပဲ၊ ကျနော်တို့ သိတာတစ်ခုကတော့ ရွှေဘို တထသ ၂ ပေါ့ဗျာ၊ အဲ့ဒါတစ်ခုပဲ ကျနော်တို့သိတယ်၊ ကျန်တဲ့ တပ်တွေကိုတော့ ကျနော်တို့ မသိပါဘူး"
ကန့်ဘလူမြို့နယ် အတွင်းမှာ လယ်မြေယာမြေ အငြင်းပွားမှှုတွေနဲ့ လယ်သမား ၅၇ ဦး ထောင်ဒဏ်ကျခံနေရ ပြီး နောက်ထပ် ၁၇၃ ဦးလည်း တရားစွဲဆိုခံထားရပါတယ်။