ကန့်ဘလူမှာ အမျိုးသမီး ရှစ်ဦးအပါအဝင် ဒေသခံ ၁၄ ဦး အဖမ်းခံရ
2023.11.16

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပုဏ္ဏားငယ်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ရှစ်ဦးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့က ချပ်သင်းရွာကနေ ချပ်ကြီးရွာကို ထွက်လာတဲ့အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပုဏ္ဏားငယ်ရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာကို ဝင်စီးလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပုဏ္ဏားငယ်ရွာထဲက ဆယ်ဦးနဲ့ ရွာပြင်တဲတိုက်က သုံးဦးလို့ ကြားတာပေါ့။ အကုန်လုံးက ရွာခံတွေချည်းပဲတော့ မဟုတ်ဘူး။ အဲဒီရွာကို စစ်လာရှောင်တဲ့သူ တွေလည်း ပါသွားတာပြောတယ်။ ဒီနေ့ထိတော့ ဘာသတင်းမှ ထပ်မကြားရ သေးဘူး"
ဖမ်းဆီးသွားတဲ့ အမျိုးသမီးတွေထဲက ငါးဦးဟာ ၁၇ နှစ်အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကို ချပ်ကြီးရွာ စစ်ကောင်စီတပ် အထိုင်ချစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
အဲဒီ စစ်ကြောင်းဝင်ရောက်မှုကြောင့် ချောင်းကြား၊ ဖလားရ၊ ပင့်သာ၊ မကျီးကုန်း၊ အင်းမ၊ ပိတောက်ပင်၊ အင်ငုတ်တို၊ နဂါးပေါ်ရွာတွေက ဒေသခံ နှစ်ထောင် ထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ကောလင်းမြို့ကို အင်အားဖြည့်တင်းဖို့သွားတဲ့ အင်အား နှစ်ရာကျော်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ကန့်ဘလူမြို့နယ် အလယ်ခုံရွာနားမှာ တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။