ကန့်ဘလူမြို့နယ် ရွာနှစ်ရွာက ပြည်သူငါးဆယ်ခန့် ဖမ်းဆီးခံရ
2024.06.13

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ခေါ်သန္တီနဲ့ မိုးကြိုးပစ်ရွာက ပြည်သူငါးဆယ်ခန့်ကို ဇွန် ၁၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထန်းကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ညနေ လေးနာရီခန့်မှာ ကျေးရွာနှစ်ရွာကို ဝင်စီးခဲ့တာလို့ ဆိုပါတယ်။
ခေါ်သန္တီရွာက လူသုံးဆယ်ခန့်နဲ့ မိုးကြိုးပစ်ရွာက နှစ်ဆယ်ကျော်ကိုဖမ်းဆီးပြီး ထန်းကုန်းရွာမှာ ချုပ်နှောင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ခေါ်သန္တီနဲ့ မိုးကြိုးပစ်က ပြည်သူငါးဆယ်လောက်ကိုတော့ ကားပေါ် တစ်ခါတည်းတင်ပြီးဖမ်းသွားတယ်။ အခု ထန်းကုန်းရဲစခန်းထဲ ဖမ်းထည့်ထားတာဗျ။ အမျိုးသား၊ အမျိုးသမီးရော သက်ကြီးရွယ်အိုတွေလည်း ပါတယ်”
ဘာကြောင့် အခုလို ဖမ်းဆီးတာလဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံသုံးထောင်နီးပါးကတော့ နီးစပ်ရာ တောတောင်တွေမှာ သွားရောက်ပုန်းရှောင်နေကြတယ်လို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအာင်ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်တဲ့အခါ ခရီးသွားနေတဲ့အတွက် ဖြေဆိုလို့မရသေးကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လတုန်းလည်း ခေါ်သန္တီနဲ့ မိုးကြိုးပစ်ရွာက လူသုံးဆယ်ခန့် ဖမ်းဆီးခံခဲ့ရပြီး ပြည်သူ့စစ်ထဲ အတင်းအဓမ္မ ထည့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၂ ရက်အထိ ဖမ်းဆီးခံရသူ နှစ်သောင်းခွဲကျော် (၂၆,၈၅၄ ဦး) ရှိခဲ့ပြီး လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရသူ နှစ်သောင်းကျော် (၂၀,၅၈၉ ဦး) ရှိနေပါတယ်။