ကန့်ဘလူမြို့နယ်မှာ နေအိမ် ၅၀ ကျော် မီးရှို့ခံရပြီး ဒေသခံ တစ်ဦး သေဆုံး
2024.02.05

ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်ငါးဆယ်ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်မှာ ရှမ်းတပ်ရွာက စိတ်ရောဂါဝေဒနာသည် အသက် ၄၉ နှစ်အရွယ် ဦးကြည်မြင့်ကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်မှာတော့ ဘိုကုန်းရွာ၊ ပေလည်ရွာနဲ့ သပြေသာလေးရွာက နေအိမ် ငါးဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အင်အားတစ်ရာကျော်ပါ စစ်ကြောင်းဟာ တစ်ရွာဝင်တစ်ရွာထွက် စီးနင်းဝင်ရောက် မီးရှို့နေတာလို့ အမည်မဖော်လိုတဲ့ ကန့်ဘလူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရှမ်းတပ်ရွာက ဒေသခံဦးကြည်မြင့်ကို သူ့အိမ်မှာပဲ မီးရှို့ပြီး သတ်ခဲ့တာပေါ့။ နေအိမ်ကိုရော၊ သူ့ကိုရော မီးရှို့သွားတာပါ။ နေအိမ်တွေအပြင် စပါးကျီတွေပါ မီးရှို့ခဲ့တာ၊ သူတို့စစ်ကြောင်း ထွက်တဲ့အချိန်မှ မီးဝင်ငြိမ်းရတော့ နေအိမ်တွေ အကုန်ပါကုန်တာပါ"
စစ်ကြောင်းကြောင့် အရိုးကုန်း၊ ဘိုတဲကုန်း၊ ရွှေညောင်ပင်၊ မင်းကုန်း၊ ပေလည်၊ မဲသည်၊ ထိန်တော၊ ကျွန်းပင်ကုန်း၊ ဇီးဖြူကုန်း၊ ရှမ်းတပ်၊ ယော၊ အင်းလယ်ကြီး၊ ရဲဒွေး၊ ငါးရနဲ၊ သရက်ခေါင်း၊ ဖလံချိုင်၊ ကိုးမြို့၊ ပျဉ်းတော်၊ ညောင်ကိုင်း၊ သရက္ကံကြီး၊ တောင်းတိုင် စတဲ့ရွာပေါင်းသုံးဆယ်ကျော်က ဒေသခံ သုံးသောင်းကျော် ထွက်ပြေးနေရတာပါ။
အဲဒီစစ်ကြောင်းဟာ လက်ရှိ ထန်းကုန်းတိုက်နယ်အတွင်းက ရွာတွေကို လှည့်လည်စစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံအများစု နေအိမ်တွေကို မပြန်ရဲသေးဘဲ တောင်ယာတွေနဲ့ သာသနိကအဆောက်အအုံတွေမှာပဲ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။
လက်ရှိ ထွက်ပြေးနေရတဲ့ ဒေသခံတွေအတွက် စားဝတ်နေရေးနဲ့ နေရေးထိုင်ရေး အရေးပေါ် အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
ဒေသခံတွေ ထွက်ပြေးနေရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့စာရင်းအရ စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အရပ်သား (၄,၄၇၇) ဦး သေဆုံးခဲ့ရပါတယ်။