ကန့်ဘလူမှာ ရွာငါးရွာက နေအိမ် ၈၀ ကျော် မီးရှို့ခံရ
2023.05.05

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်လာပြီး ဧပြီလ ၂၉ ရက် နေ့ကနေ မေလ ၁ ရက်နေ့အထိ သုံးရက်အတွင်း ရွာငါးရွာက နေအိမ် ၈၀ ကျော် မီးရှို့ခံရသလို စာသင်ကျောင်းဆောင်တချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ်ထဲက သရက်ခေါင်း၊ တရော်ကိုင်း၊ ငါးရာနဲ (မြောက်)၊ သောက်ကန်နဲ့ ဖို့ကုန်းရွာတွေက နေအိမ်တွေ မီးရှို့ခံခဲ့ရတာပါ။
ဧပြီလ ၂၉ ရက်နေ့မှာ အင်အားတစ်ရာလောက်ပါတဲ့ အမှတ်-၃၆၈ ခြေမြန်တပ်ရင်းနဲ့ ပျူစောထီး ပူပေါင်းအဖွဲ့က သရက်ခေါင်းရွာကို စီးနင်းပြီး စာသင်ကျောင်းဆောင်နှစ်ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ နောက်ထပ်စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ အမှတ်-၃၆၁ ခြေမြန်တပ်ရင်းက တရော်ကိုင်းရွာကို ဝင်ရောက်စီးနင်းခဲ့တာမှာ ရွာက နေအိမ်သုံးလုံးနဲ့ တောထဲက စစ်ဘေးဒုက္ခသည်နေတဲ့ တဲအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းနှစ်ကြောင်းနဲ့ ရွာတွေကို ဝင်ရောက်စီးနင်းပြီး တစ်ရွာဝင်တစ်ရွာထွက် မီးရှို့ဖျက်ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကြောင်းက ဘယ်လိုလဲဆိုတော့ ၃၆၈ က တန့်ဆည်နယ်ကနေ ပြန်ဝင်လာတာ။ ၃၆၁ ကျတော့ ပဇီကြီးကနေ တောင်ဘက်ကို ထွက်လာတဲ့စစ်ကြောင်း အဲဒီစစ်ကြောင်း နှစ်ကြောင်းနဲ့ လိုက်ရှို့နေတာ”
ဧပြီလ ၃၀ ရက်နေ့မှာတော့ ငါးရာနဲ (မြောက်) ရွာက နေအိမ် ၄၆ လုံး၊ သောက်ကန်ရွာက စာသင်ကျောင်းစောင် နှစ်ဆောင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မေလ ၁ ရက်နေ့မှာ ဖို့ကုန်းရွာက နေအိမ် ၃၁ လုံး မီးလောင် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အမှတ်-၃၆၈ ခြေမြန်တပ်ရင်းက ကန့်ဘလူမြို့နယ်ထဲက ပြန်ထွက်ခွာသွားပြီး အမှတ်-၃၆၁ ခြေမြန်တပ်ရင်းစစ်ကြောင်းကတော့ ကန့်ဘလူမြို့နယ် ယမနေရွာဘက်ကို ရောက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်စစ်ကြောင်းတွေဟာ ပြည်သူတွေနေထိုင်တဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးတာမျိုး မလုပ်ဘူးလို့ အရင်က ဖြေဆိုထားပါတယ်။
ဖို့ကုန်းနဲ့ သောက်ကန်ရွာတွေဟာ ဒုတိယအကြိမ် မီးရှို့ခံရတဲ့ရွာတွေဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း မီးရှို့ဖျက်ဆီးခံရမှုမှာ သောက်ကန်ရွာက နေအိမ် ၇၇ လုံး၊ ဖို့ကုန်းရွာက နေအိမ်ရှစ်လုံးနဲ့ စာသင်ကျောင်း ဆောင်တစ်ခု မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။