ကန့်ဘလူမှာ နေအိမ်နှစ်ရာကျော်မီးရှို့ခံရပြီး ဒေသခံတစ်ဦးအသတ်ခံရ
2023.05.01

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြေမွန်ရွာက ဒေသခံတစ်ဦးကို ဧပြီလ ၂၈ ရက်မှာ စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့ပြီး မြေမွန်ရွာအပါအဝင် ရွာခုနစ်ရွာက နေအိမ်နှစ်ရာကျော်ပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရတဲ့ အသက် ၃၀ အရွယ် ကိုနေလှိုင်းထွန်းဟာ စစ်ကြောင်းဝင်လာလို့ မြေမွန်ရွာအနီးက တောတိုက်ထဲမှာ ပုန်းနေချိန် အဖမ်းခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“သူအဖမ်းခံရတုန်းက ပြန်လွတ်မယ်ပဲထင်နေတာ။ နောက်တစ်နေ့မှ ဒေသကာကွယ်ရေး တပ်တွေက နယ်မြေရှင်းလင်းရေးလုပ်တော့ တောထဲမှာ သူအသတ်ခံရမှန်းသိတာ။ ဓားနဲ့ထိုးသတ်သွားတာ။ သူကအရပ်သားပါ”
ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဟာ အင်အားတစ်ရာနီးပါးပါတဲ့ တပ်မ (၈၈) ကဖြစ်တယ်လို့ ဆိုပါတယ်။
ဧပြီ ၂၂ ရက်ကနေ ၂၉ ရက်အထိ ကန့်ဘလူအရှေ့ဘက်အခြမ်းကို တပ်မ (၈၈) စစ်ကြောင်းနဲ့ ခြေမြန်တပ်ရင်း (၃၆၁) စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ရွာတွေထဲ စီးနင်းဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် လေးတွင်းဇင်၊ မြေမွန်၊ ချောင်းသာ၊ တရော်ကိုင်း၊ ကံကြီးစတဲ့ရွာတွေက နေအိမ် ၁၄၅ လုံးနဲ့ ကျေးလက် ဆေးပေးခန်းတစ်ခု မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဧပြီ ၂၉ ရက်လည်း နောက်ထပ်စစ်ကြောင်းဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ (၃၆၈) နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တွေ ကန့်ဘလူတောင်ဘက် ထန်းကုန်းတိုက်နယ်ထဲက သရက်ခေါင်းရွာမှာ စာသင်ကျောင်းဆောင်တစ်ခုနဲ့ ဧပြီ ၃၀ ရက်နေ့မှာ ငါးရာနဲ (မြောက်) ရွာက နေအိမ် ၆၀ နီးပါးကိုပါ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
နေအိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်သားတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဘယ်တော့မှမီးမရှို့ဘူးလို့ RFA ကို အရင်က ငြင်းဆိုထားဖူးပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သတ်ဖြတ်ခံရသူ ၃၄၄၇ ဦးရှိလာပြီဖြစ်ပါတယ်။