နှစ်ရက်အတွင်း ကန့်ဘလူဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.02.07
နှစ်ရက်အတွင်း ကန့်ဘလူဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ နေအိမ်စွန့်ခွာထွက်ပြေးနေကြရသူများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နှစ်ရက်အတွင်း ရွာငါးရွာက ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လ ို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က RFA ကို ပြောပါတယ်။

ကန့်ဘလူမြို့နယ် ချပ်သင်းရွာကနေထွက်လာတဲ့ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၄ ရက် ကနေ ၅ ရက်နေ့အထိ နှစ်ရက်အတွင်းမှာ ပုဏ္ဏားကြီး၊ ဦးကင်းကြည်၊ ကံကြီး၊ ချပ်လယ်နဲ့ ပိတောက်ပင်ရွာတို့ကို ဆက်တိုက်ဝင်ရောက်လာတာကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

"ပုဏ္ဏားကြီးရွာကို စစ်ကောင်စီတပ်က ရွာကိုမဝင်ခင် လက်နက်ကြီးနဲ့ပစ်တော့ ရွာက အမျိုးသားတစ်ဦး အစထိသွားတယ်။ အနီးနားကတော့ ထိုးလာရင် ထိုးလာသလို နီးရင်နီးတဲ့ရွာတွေက ပြေးကြရတာပေါ့။ အရေအတွက်ကတော့ ထောင်ချီလောက်မယ်။ ငါးရွာပေါင်းရင် နှစ်ထောင်ကျော်မယ်"

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပုဏ္ဏားကြီးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်စဉ် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တာလို့ သူက ပြောပါတယ်။

အဲဒီနောက် တစ်ရက်တည်းမှာပဲ ချပ်လယ်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက် မနက်ပိုင်းမှာတော့ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ပိတောက်ပင်ရွာကို ဝင်ရောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ပိတောက်ပင်ရွာမှာ နေအိမ် ၁၂ လုံးကို စစ်တပ်က မီးရှို့သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာတွေကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ခြေမြန်တပ်ရင်း ခမရ-၃၆၈ နဲ့ ပျုစောထီးတွေ ပါဝင်တဲ့ အင်အား ၁၂၀ ခန့်ရှိ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ၊ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။ အရင်အကြိမ်တွေတုန်းကတော့ ဒီကိစ္စတွေဟာ လုံခြုံရေးနဲ့ပတ်သက်နေတာကြေ ာင့် သူ့အနေနဲ့ ဖြေဆိုခွင့်မရှိဘူးလို့ ဦးအေးလှိုင်က ပြောခဲ့ဖူးပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ရဲ့ စာရင်းအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတစ်လအတွင်း ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စီးနင်းဝင်ရောက်မှုကြောင့် ရွာပေါင်း ရှစ်ရွာက နေအိမ် ၂၇၄ လုံး မီးရှို့ခံခဲ့ရပြီး ဒေသခံ ခုနစ်ဦး အသတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။