ပဇီကြီးအပါအဝင် ရွာရှစ်ရွာက ဒေသခံလေးထောင်ကျော် ထွက်ပြေးနေရ
2023.04.19

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီးရွာအပါအဝင် ရွာရှစ်ရွာက ဒေသခံ လေးထောင်ကျော်ဟာ စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် ဧပြီလ ၁၈ ရက်နေ့ မနက်ကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
အင်အားနှစ်ရာနီးပါးရှိတဲ့ ရွှေဘိုလေ့ကျင့်ရေးတပ် (၁၃) က စစ်ကြောင်းနှစ်ကြောင်းဟာ ပဇီကြီး၊ ထန်းတော၊ ချောင်းမကြီး၊ ချောင်းသာ၊ ချောင်းရှည်၊ ကျောက်လုံးကြီး၊ နာနတ်တောစတဲ့ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် စီးနင်းဝင်ရောက်နေတာလို့ ဆိုပါတယ်။
ဧပြီလ ၁၉ ရက်နေ့ ဒီနေ့နေ့လယ်ပိုင်းမှာတော့ အဲဒီစစ်ကြောင်းတွေဟာ ပဇီကြီးရွာကို ဝင်ရောက်တပ်စွဲ နေထိုင်နေတယ်လို့ ပဇီကြီးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
" အခုဝင်နေတဲ့ စစ်ကြောင်းက မန္တလေးကလာတာလို့ သိထားပါတယ်။ ပဇီကြီးအပါအဝင် မလည်တိုက်နယ် တစ်ကြောကို ဝင်ရောက်စီးနင်းနေတာပေါ့၊ ဒေသခံတွေကတော့ တောတောင်တွေ၊ တောင်ယာတွေထဲလည်း ပုန်းလို့ မရတော့ဘူး၊ ဘေးလွတ်ရာကိုပဲ ရှောင်ပြေးရတာပေါ့"
ထွက်ပြေးနေရတဲ့ ဒေသခံလေးထောင်ကျော်အတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေပါ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရတဲ့အပါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက် စာရင်းအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော် ရှိပါပြီ။