ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
2023.10.11

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပေကြီးရွာကို အောက်တိုဘာ ၁၀ ရက်ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် ရွာပေါင်း ဆယ်ရွာခန့်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ဒီကနေ့မှာ RFA ကိုပြောပါတယ်။
မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပါဝင်တဲ့ အင်အားတစ်ရာကျော်ပါ စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ငှက်ပျောတိုင်းနဲ့ နီးတဲ့ရွာတွေက တောက်လျှောက် ရှောင်သွားရပြီ။ အဲဒီနားတဝိုက်မှာ သူတို့က (စစ်ကောင်စီ) ရှိနေသေးတော့ ဘယ်လောက် ပျက်စီးသွားတယ်ဆိုတာ သွားကြည့်လို့ မရသေးဘူး”
အဲဒီစစ်ကြောင်းကြောင့် ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်ထဲက ရွာပေါင်းဆယ်ရွာခန့်က ဒေသခံတွေ နီးစပ်ရာရွာတွေကို ထွက်ပြေးနေရတာဖြစ်ပြီး မီးရှို့ခံရမှု အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က ငှက်ပျောတိုင်းရွာ လျှပ်စစ်ဓာတ်အားပေးရုံနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး စုပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ သုံးကြိမ်လာပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်များတဲ့အတွက် အဲဒီညနေပိုင်းမှာပဲ အင်အားတစ်ရာကျော်ပါ စစ်ကြောင်း တပ်ကူရောက်လာပြီး ရွာတွေကို ဝင်စီးနင်းနေတာလို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
“တိုက်ပွဲဖြစ်ပြီး သူတို့(စစ်ကောင်စီ) ဘက်က အကျအဆုံများလို့ မီးရှို့တာ လူသတ်တာကတော့ ဒါကတော့ သူတို့ သဘာဝပဲ။ တခြား အထိုင်ချနေတဲ့ နေရာတွေကနေလည်း ဘယ်အချိန်ကို ဝင်မလဲဆိုတဲ့ သောကစိတ်တွေနဲ့ ဒေသခံတွေက နေကြရတာ။ နေ့ခင်းကို ရွာထဲကိုပြန်လာတယ်။ ညရောက်ရင် တောထဲက စစ်ရှောင်စခန်းကို သွားအိပ်ကြရတယ်”
တိုက်ပွဲဖြစ်ခဲ့တဲ့ ငှက်ပျောတိုင်းရွာနဲ့ ပေကြီးရွာဟာ လေးမိုင်ခန့်သာဝေးပြီး ကားနဲ့ဆို ကိုးမိနစ်ဝန်းကျင်သာ မောင်းရတာလို့ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၆ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာခံ အသက် ၁၆ နှစ်အရွယ် မောင်ပိုင်သက်ကျော်နဲ့ အသက် ၃၀ အရွယ်တွေဖြစ်တဲ့ ကိုတာဝေးနဲ့ ကိုကျောက်စိမ်းဦးတို့ကို ဒေသခံတွေက ပျူစောထီးရွာလို့သတ်မှတ်တဲ့ ငါတိုရွာကို ဖမ်းဆီးခေါ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီအထဲက မောင်ပိုင်သက်ကျော် တစ်ဦးတည်းသာ ပြန်လည်လွတ်မြောက်လာပြီး ကျန်နှစ်ဦးကတော့ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီအခြေအနေတွေနဲပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီကနေ့မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ ၁ ဒသမ ၆ သန်းကျော်ရှိလာပြီး အဲဒီအထဲက ရှစ်သိန်းကျော် (၈၁၃,၂၀၀ ဦး) ဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။