ကန့်ဘလူမှာ စစ်ကောင်စီတပ်ကြောင့် ဒေသခံ တစ်သောင်းခွဲကျော် ထွက်ပြေးနေရ
2023.06.15

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်းသုံးကြောင်းခွဲပြီး ဇွန်လ ၁၄ ရက် မနေ့ မနက်ကတည်းက စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၄ ရွာက ဒေသခံ တစ်သောင်းခွဲကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါ ခမရ ၃၆၁ တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းနဲ့ တခြား စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်း နှစ်ကြောင်းက ဇွန်လ ၁၄ ရက် မနက်ပိုင်းကစပြီး ချပ်ကြီးရွာ၊ ဇင်းရွာနဲ့ ရှမ်းကုန်းရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးနေသလို ထန်းပင်ကုန်းဘက်မှာလည်း စစ်ကြောင်းထိုး တပ်စွဲတာတွေရှိနေတယ်လို့ ဒေသခံတွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ထိတွေ့တိုက်ပွဲက မဖြစ်ဘူးဗျ။ လောလောဆယ်ကလည်း ဖြစ်ထားတာလည်း မဟုတ်ဘဲနဲ့ ရွာတွေကို ဝင်သွားတာ။ အရင် ၃၆၈ တပ်တွေ ဝင်တုန်းကတော့ ရွာတွေမဝင်သွားဘူးဗျ။ ဒီတစ်ခေါက်ကျမှ ဝင်တာ။ ဒီနေ့ အခြေအနေကတော့ ဒီကောင်တွေ ပြန်သွားပြီဗျ။ ကျွန်းလှမြို့ထဲကို ပြန်ဝင်သွားပြီ”
စစ်ကြောင်းထိုးခံခဲ့ရတဲ့ ချပ်ကြီး၊ ဇင်းရွာ၊ ရှမ်းကုန်း၊ ထန်းပင်းကုန်း အပါအဝင် အနီးအနားရွာတွေဖြစ်တဲ့ ကြာတကန်၊ ပင်းတည်း၊ ဟင်းဖြူတော၊ အင်းမ၊ ဖလားရ ၊ချောင်းကြား၊ ပင့်သာ၊ ပိတောက်ပင်၊ အုတ်ခင်းနဲ့ နဂါးပေါ်ရွာ စတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်စဉ်ကတည်း ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြတဲ့အတွက် ဖမ်းဆီးခံရတာတော့ မကြားမိဘူးလို့လည်း သူက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ရှမ်းကုန်းရွာက နေအိမ် လေးလုံးနဲ့ စပါးတိုက် တစ်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၅ ရက် ဒီနေ့မှာ စစ်ကောင်စီ စစ်ကြောင်း ရွာတွေထဲက ပြန်ထွက်သွားပြီ ဖြစ်ပေမယ့် ဒေသခံတွေ ရွာထဲပြန်မဝင်ရဲသေးတဲ့ အခြေအနေလို့ ကန့်ဘလူမြောက်ခြမ်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အရမ်းခက်ခဲတာပေါ့။ မိုးကလည်း ဒီဘက်မှာ ရွာနေတော့လေ။ တော်တော်များများ ကလည်း ရွာတွေက မီးရှို့ခံထားရတဲ့ ရွာတွေဆိုတော့ အဆင်တော့မပြေကြဘူးပေါ့။ စားရေးသောက်ရေးလည်း အခက်အခဲဖြစ်၊ တချို့ဆိုရင် တောထဲတောင်ထဲ ရှောင်ရင်းနဲ့ ပိုးထိတဲ့လူကထိပေါ့”
စစ်ကောင်စီတပ်စစ်ကြောင်းက ကန့်ဘလူမြောက်ခြမ်းဘက်က ရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကတည်းက မကြာခဏဝင်ရောက်နေတာဖြစ်ပြီး စစ်ကြောင်းထိုးစဉ် စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ နေအိမ်ပေါင်း ၇၀၀ နီးပါးထိရှိတယ်လို့ ကန့်ဘလူမြောက်ခြမ်းက ဒေသခံတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ရွာတွေကို တိုက်ပွဲမရှိ စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့သွားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်း တိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်နှစ်ခုမှာ မေလတစ်လအတွင်း ရွာပေါင်း ၁၇ ရွာက နေအိမ် ၆၅၃ လုံး၊ ကျေးလက်ဆေးပေးခန်းနဲ့ စာသင်ကျောင်းဆောင်တချို့ပါ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ မနေ့က ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နေအိမ် ၅၃၈၁၆ လုံး မီးရှို့ခံခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။