ကန့်ဘလူမှာ လယ်သမား ၁၈ ဦး ထောင်ချခံရ


2014.07.17

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က သိမ်းဆည်းထားတဲ့ လယ်မြေတွေမှာ ဝင်ရောက်စိုက်ပျိုးခဲ့လို့ တရားစွဲခံနေရတဲ့ တောင်သူ ၄၅၀ ကျော်ထဲက ၁၈ ဦးကို ကန့်ဘလူ မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၉ လကနေ ၅ နှစ်ကျော်ထိ အသီးသီးချမှတ်လိုက်ပါတယ်။

ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်စီးမှုပုဒ်မတွေနဲ့ တောင်သူတယောက်ကို ၃ မှုကနေ ၂၂ မှုထိ တရားစွဲပြီး၊ ထောင်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တရားစွဲဆိုခံထားရတဲ့ ခအုန်းသာကျေးရွာကတောင်သူ ဦးသောင်းမြင့်က အခုလိုပြောပါတယ်။

"သူတို့က သီးနှံမရှိပဲနဲ့ သီးနှံပျက်ပါတယ်ဆိုပြီးတော့ တရားစွဲလိုက်တယ်၊ ကျနော်တို့မြေကို စစ်တပ်ကသိမ်းတယ်၊ စစ်တပ်ကနေပြီးတော့ အခကြေးငွေနဲ့ ငှားစားတာပေါ့ဗျာ၊ ကျူးကျော်တယ်ဆိုပြီး ကန့်ဘလူတရားရုံးက အမိန့်ချလိုက်တယ်"

ဒီနေ့ထောင်ချခံရတဲ့ တောင်သူ ၁၈ ဦးလုံးဟာ ငှက်ပျောတန်းရွာကဖြစ်ပြီး ကျန်တောင်သူတွေကိုလည်း  မနက်ဖြန်မှာ တရားရုံးချိန်းဆက်ခေါ်ထားသလို အမိန့်ချဖို့ရှိတယ်လို့သိရပါတယ်။

အဲဒီတောင်သူတွေရဲ့လယ်တွေကို လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်က ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က သကြားစက်ရုံ တည်ဆောက်ဖို့ဆိုပြီး သိမ်းယူခဲ့တာလို့သိရပြီး စုစုပေါင်း အသိမ်းခံရတဲ့လယ်က ဧကတစ်သောင်းကျော်တယ် လို့ဆိုပါတယ်။

သိမ်းထားတဲ့လယ်မှာသီးစားခနဲ့ ကြံစိုက်ခိုင်းပြီး အဲဒီမှာတည်ထားတဲ့ သကြားစက်ရုံကို သွင်းခိုင်း တာပါ။ စက်ရုံအတွက်သုံးတဲ့လယ်မြေက ပိုနေတဲ့မြေကို ပြန်ပေးတယ်လို့ သက်ဆိုင်ရာကနှုတ်နဲ့ ပြောဆိုပေမဲ့ တကယ်ဝင်ရောက် ထွန်ယက်တဲ့တောင်သူတွေကို သီးစားခချထားတဲ့လယ်သမားတွေက တရားစွဲအောင် စီစဉ်ပေးတာလို့ တရားစွဲခံရတဲ့သူတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။