ကနီမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦး ထိခိုက်
2024.10.20

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယာကြီးအုပ်စု ရေဖြူရွာမနဲ့ ချောင်းမ အရှေ့ရွာကို မနေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတစ်ဦးနဲ့ အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာ ၂၀ ရက် ဒီနေ့မှာ ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်း ဆယ်နာရီခန့်မှာ ရေဖြူရွာမကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညကိုးနာရီခွဲခန့်မှာ ချောင်းမအရှေ့ရွာကို လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ချောင်းမအရှေ့ရွာက ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ ပေါင်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ခြေထောက်နဲ့ လက်တွေမှာ ထိခိုက်ဒဏ်ရာ ရသွားပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲချတာဖြစ်ပြီး ကနီမြို့နယ်မှာ ဖုန်းလိုင်းလည်း ပြတ်တောက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကနီမြို့နယ်မှာ ဖုန်းလိုင်းတွေ အခုပြတ်တောက်နေတယ်။ ဒီနေ့မှာလည်း လေကြောင်း ထပ်လာတာရှိတယ်။ အသေးစိတ်တော့ မသိနိုင်သေးဘူး။ ဒီရက်ပိုင်းမှာ တိုက်ပွဲတော့ မရှိဘူး။ လေကြောင်းနဲ့ ကျေးရွာ ပြည်သူတွေကို တမင်ဗုံးကြဲသွားတာ”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် စိုက်ခင်းတွေအပြင် ချောင်းမအရှေ့ရွာက နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ မေကနေ သြဂုတ်အထိ လေးလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦး ရှိတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။