ကနီမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်

2021.11.10
ကနီမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် ကနီမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေကို ၂၀၂၁၊ မေလအတွင်းက တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်ထဲက မင်းကုန်း၊ ရှမ်းမြောင်း၊ တဆယ်ချောင်နဲ့ ပန်းဆိုင်း စတဲ့ရွာတွေအနီးမှာ မြေပြင်တိုက်ပွဲ ဖြစ်နေရာကနေ စစ်ကောင်စီက စစ်ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်သလို ဗုံးနဲ့ပါ ကျဲခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"မနက်ပိုင်းမှာ စစ်ကောင်စီက ရေဝါချောင်းအနီးက စစ်ကြောင်းတစ်ခု ထွက်တယ်။ နောက် ရေလည်ကျွန်း ရွာနားကနေ တစ်ကြောင်းထွက်ပြီး စစ်ကြောင်းနှစ်ခုနဲ့ လာတာကို ဒေသခံအဖွဲ့တွေ စုပြီး တိုက်ကြတာ။ စစ်သားတွေနဲ့ ရဲတွေ ပိတ်မိနေတော့ ရဟတ်ယာဉ်နဲ့ရောက်လာပြီး အပေါ်ကနေ အကုန်ပစ်နေလို့ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ အခုညနေပိုင်းအထိကို ဖြစ်နေကြတုန်းပဲရှိသေးတယ်"

ရဟတ်ယာဉ်တွေက အဲဒီရွာတွေထဲကို အပေါ်ကနေ ပစ်ခတ်ဗုံးကြဲလို့ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိသလို အဲဒီ ရွာလေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့လည်း ပြောကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်သား အယောက် ၆၀ လောက်ကို ရဟတ်ယာဉ်နဲ့ ကနီမြို့နယ် အားကစားကွင်းမှာ ချထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ရေဝါချောင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ကနီမြို့နယ် PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း စစ်ကိုင်းတိုင်းထဲက ကျွန်းလှ၊ ဒီပဲယင်း မြို့နယ်တွေထဲမှာလည်း ဒေသခံ PDF တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။