အက်စစ်စက်ရုံ ပြောင်းရွှေ့ဖို့ အစိုးရကို တင်ပြ


2016.07.20
acid-factory-ai-620.jpg စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဆာလ်ဖျူရစ် အက်စစ်စက်ရုံကို တွေ့ရစဉ်
Photo: Amnesty International

Amnesty International လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ကျေးရွာနှစ်ရွာအနီးမှာရှိနေတဲ့ ဆာလဖျုရစ်အက်စစ် စက်ရုံကို မြန်မာအစိုးရအနေ နဲ့ ရွှေ့ပြောင်းနေရာချထားဖို့ အမိန့်ထုတ်ပြန်သင့်ကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေရဲ့ ကျန်းမာရေး နဲ့ စိုးရိမ်မှုတွေ လျော့ကျသွားအောင် စက်ရုံကို ပြောင်းရွှေ့သင့်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ထံကို တိုင်းအစိုးရကလည်း မှတ်ချက်ပြုတင်ပြထားတယ်လို့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။

ဆာလဖျူရစ်အက်ဆစ် စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် ဘေးပတ်ဝန်းကျင်ရွာတွေအပေါ်မှာ ဘယ်လို သက်ရောက်မှုရှိနေတယ်ဆိုတာ ကို ဒေသခံတွေရဲ့ ပြောပြချက်တွေ စုစည်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့လည်း ဦးမြင့်ကြည် က ပြောပါတယ်။

"ကျနော်တို့ တိုင်းအစိုးရအနေနဲ့တော့ ပြည်သူတွေရဲ့ ကျန်းမာရေးမထိခိုက်ဖို့ နောက်စိုးရိမ်စိတ်တွေ ကင်းလွတ်ဖို့ ကောင်းတာကတော့ ကျနော်တို့အနေနဲ့က သူတို့စက်ရုံကြီး နေရာရွှေ့ပြီးတော့ လုပ်ပေးနိုင်ရင် အကောင်းဆုံးပေါ့၊ ကျနော်တို့အမြင်ကတော့ လက်ပံတောင်းတောင်ထဲမှာပဲရွှေ့ရွှေ့ ပြည်သူနဲ့ နည်းနည်းဝေး သွားရင်တော့ ဒါတွေကကင်းကွာသွားမှာပါ"

စက်ရုံနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ကံကုန်းကျေးရွာက ဒေသခံတွေဟာ စက်ရုံကထွက်တဲ့ အက်ဆစ်နံ့တွေကြောင့် အသက်ရှူလမ်းကြောင်း၊ အရေပြားနဲ့ မျက်လုံးရောဂါတွေ ခံစားနေရတယ်လို့ AI အဖွဲ့ သွားရောက်လေ့လာ စဉ် တေ့ွရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစိုးရသစ်လက်ထက်မှာ အသစ်တင်မြှောက်လိုက်တဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စက်ရုံကြောင့်ဖြစ်ပေါ် လာတဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတွေကို ဆန်းစစ်မှုမပြီးမချင်း လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်ကို သက်တမ်းမတိုးပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဗဟိုအစိုးရဌာန အဖွဲ့အစည်းတစ်ခုက ဆက်လက်လည်ပတ် ခွင့်ပြုနေတာဖြစ်တယ်လို့လည်း AI အဖွဲ့က ဆိုပါတယ်။

အစိုးရသစ်အနေနဲ့ အဲ့ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်နစ်နာနေတဲ့ ပြည်သူတွေနဲ့ ညှိနိုင်းဆွေးနွေးပြီးတဲ့အထိ သတ္ထုတွင်းလုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားသင့်ကြောင်း အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့ဇွန်လက အက်ဆစ်စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် စက်ရုံအနီးမှာရှိတဲ့ စာသင်ကျောင်းမှာ ကလေးတွေ ကျောင်းမတက်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီစက်ရုံဟာ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိဘက်က လုပ်ကိုင်နေတာဖြစ်ပြီး ဒီနှစ် အောက်တိုဘာလမှာ စက်ရုံလည်ပတ်ခွင့် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

လက်ရှိ ဆာလဖျူရစ်အက်ဆစ်စက်ရုံ လုပ်ပိုင်ခွင့်အခြေအနေနဲ့ AI အဖွဲ့ရဲ့ လေ့လာတေ့ွရှိချက်တွေအပေါ် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။