ဦးပိုင်ကုမ္ပဏီရဲ့ အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားတွေ တရားစွဲ

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာသား လယ်သမား ၄၇ ဦးက စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ကို မုံရွာခရိုင်တရားရုံးမှာ မနေ့က တရားစွဲအမှုဖွင့်ခဲ့ပါတယ်။

2013.02.13
ဆားလင်းကြီးမြို့ရှိ မြန်မာ့စီးပွားရေးဦးပိုင် လိမီတက်ပိုင် ဆာလ်ဖျူရစ် အက်စစ်စက်ရုံ
RFA

အဲဒီလယ်ယာမြေတွေကို ဦးပိုင်ကုမ္ပဏီက သူတို့ကုမ္ပဏီပိုင်  မြေယာတွေအဖြစ် ပြုလုပ်ထားတာကြောင့် မိမိတို့ လက်ဝယ်ရှိတဲ့ မြေယာမှတ်ပုံတင်နံပါတ်တွေနဲ့ အထောက်အထားပြပြီး တရားစွဲတာဖြစ်တယ်လို့ မုံရွာခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ကံကုန်းကျေးရွာသား ဦးမတ်စေ့က RFA ကို ပြောပါတယ်။

“သူတို့က အရင်တရားစွဲထားတာ၊ ကျနော်တို့က အခုတစ်ခါ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ၄၊ ၅၊ ၆ လလောက်ရှိပြီဗျ၊ ကျနော်တို့လည်း တရားစွဲခံထားရတာ၊ ပိုင်နက်ကျူးလွန်မှုဆိုပြီးတော့ ဒီလယ်ယာတွေကို ဦးပိုင်က လျော်ကြေးပေးတယ်ဆိုပြီးတော့ မြေယာစွန့်လွှတ်ကြောင်း လက်မှတ်တွေထိုးပြီးတော့ သူတို့က ရောင်းနေကြလို့ ကျနော်တို့က ကျနော်တို့လက်ထဲမှာ  ဒီမြေယာမှတ်ပုံတင် စာအုပ်တွေရှိတယ်၊ တစ်ကြိမ်တစ်ခါမှလည်း မြေယာစွန့်လွှတ်ကြောင်း လက်မှတ်လည်း မထိုးဘူး၊ အဲဒါတွေနဲ့ တရားစွဲဆိုထားတာပါ၊ သူတို့က ဒီလယ်ယာတွေကို သူတို့ပိုင်ဆိုင်တယ်ဆိုပြီးတော့ ကျနော်တို့ တောင်သူတွေကို အခုလက်ရှိ လွတ်လပ်နေရာတဲ့ မြေယာတွေကို သူတို့က လုပ်စားပိုင်ခွင့်မပေးဘူးလေ၊ အခုလက်ရှိ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ရဲ့ နာမည်နဲ့သွားပြီးတော့ ကျနော်တို့ တရားစွဲတာပါ”

မုံရွာခရိုင်တရားရုံးမှာ သီးစားသက်သာခွင့် ဥပဒေပုဒ်မ (၄၂) အရ လက်လုပ်စိုက်ပျိုးမြေတွေကို စိုက်ပျိုးပိုင်ခွင့်ရရှိကြောင်း ဖွင့်ဟကြေညာပေးဖို့ တရားစွဲဆိုတာဖြစ်ပါတယ်လို့ တောင်သူတွေကို အကူညီပေးတဲ့ ခရမ်းရောင် သာတူညီမျှ ဥပဒေအကျိုးဆောင်လုပ်ငန်းက ဥပဒေအတိုင်ပင်ခံ ဦးဖိုးဖြူက ဆိုပါတယ်။

ကံကုန်းကျေးရွာ တောင်သူတွေရဲ့ အမှုဖွင့်တာကို မုံရွာခရိုင် တရားသူကြီးက လက်ခံထားခဲ့ပြီး ၂၈ ရက်နေ့မှာ အမှုကိုကြားနာမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။