အင်တာနက်လိုင်း ဖြတ်ခံထားရတဲ့ ကနီမြို့နယ်မှာ ဖုန်းလိုင်းပါ ဆက်သွယ်ရခက်ခဲ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး စစ်ကောင်စီက အင်တာနက် လိုင်းတွေ ဖြတ်တောက်လိုက်ပြီးနောက် လက်ရှိ ဖုန်းလိုင်းတွေပါ ဆက်သွယ်ရခက်ခဲလာတယ်လို့ ကနီမြို့ခံ တွေက ပြောပါတယ်။
ကနီမြို့နယ်ထဲက ဆယ်ရွာချောင်ဒေသနဲ့ ပါဟဲရွာ၊ ခုံကြီးရွာ စတဲ့အတွင်းပိုင်းကျတဲ့ ရွာတွေဘက်မှာ အင်တာနက်လိုင်းအပြင် တယ်လီဖုန်းလိုင်းတွေပါ ဆက်သွယ်ရ ခက်ခဲနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တယ်လီဖုန်းလိုင်းတွေက တော်တော်ဆိုးပါတယ်။ တစ်ခါပြောဖို့ နှစ်ကြိမ် သုံးကြိမ်လောက် ခေါ်ရတယ်။ ပြောရရင်လည်း ပြတ်တောင်းပြတ်တောင်းနဲ့ ဘာမှမကြားရဘူး။ အရေးအကြောင်းရှိလို့ ပြောမယ်ဆို ခေါ်လို့ကို မရဘူး။ အရင်ကတည်းက လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ဒေသမှာ အခုတော့ ဖုန်းလိုင်းတွေပါပျက်။ အင်တာနက်လိုင်းကတော့ လုံး၀ကိုမရဘူး” လို့ ဒေသခံကဆိုပါတယ်။
ကနီမြို့အပါအဝင် ယင်းမာပင်မြို့နယ်ထဲကရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး အကြောင်းပြချက် နဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ဒီနေ့ဆို ခြောက်ရက်ရှိသွားပြီ ဖြစ်ပါတယ်။