ကန်ပက်လက်မှာ ခရစ်ယာန် ဓမ္မဆရာတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံး
ချင်းပြည်နယ် ကန်ပက်လက်မြို့ အုတ်ဖိုရွာမှာနေတဲ့ ခရစ်ယာန် ဓမ္မဆရာတစ်ဦးဟာ ဒီဇင်ဘာ ၁၃ ရက်က သေနတ်ဒဏ်ရာနဲ့ ပန်းလေပြေဟိုတယ် အနီးမှာ သေဆုံးနေတာ တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၀ ကျော်အရွယ် ဦးအွမ်ကီးဖြစ်ပြီး ဦးခေါင်းမှာ သေနတ်ကျည်ဆံဒဏ်ရာ၊ ဝမ်းဗိုက်မှာ ထိုးသွင်း ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“၁၁ ရက်နေ့မှာ စစ်တပ်တွေက သူ့အိမ်မှာ မေးစရာရှိလို့ဆိုပြီး ခေါ်တယ်။ မနေ့က နေ့လယ်ပိုင်းမှာ အလောင်းကို ပြန်တွေ့တယ်။ ပန်းလေပြေဟိုတယ်နားမှာ ပြန်တွေ့တယ်။ ခေါင်းမှာလည်း ဒဏ်ရာတွေ့ တယ်။ ဗိုက်မှာ အပေါက်ကြီးတွေ့တယ်”
ဦးအွမ်ကီးကို ကန်ပက်လက်မြို့ မြို့ဟောင်းသင်္ချိုင်းမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာပဲ သင်္ဂြိုလ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတူပီမြို့မှာလည်း စက်တင်ဘာ ၂၃ ရက်က ငလိုင်ရွာက ခရစ်ယာန်ဓမ္မဆရာ ဦးငိုင်ကုန်းကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကြောရေးမှာ သေသွားပြီဆိုပြီး မိသားစုထံ အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အဲဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်သူ့လက်ချက်နဲ့ ဘယ်လို သေဆုံးခဲ့တယ်ဆိုတာ RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေပါတယ်။