ကန်ပက်လက်မြို့တိုက်ပွဲ လက်နက်ကြီးကြောင့် နေအိမ်အချို့ပျက်စီး

2021.09.16
ကန်ပက်လက်မြို့တိုက်ပွဲ လက်နက်ကြီးကြောင့် နေအိမ်အချို့ပျက်စီး ချင်းပြည်နယ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိခိုက်ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံကို တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်မှာ စက်တင်ဘာ ၁၅ ရက်နေ့ မနေ့က စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေး အဖွဲ့ (CDF) ကန်ပက်လက်တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ တာကြောင့် လူနေအိမ်အချို့နဲ့ ဘာသာရေးအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ကန်ပက်လက်မြို့ထဲကို ပုခုံးထမ်းအမြှောက် (RPG) ၊ ၆၀ (မမ) လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဆောက်အအုံတွေအပြင် မြို့တွင်းက လမ်းမတွေလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိ မြို့ထဲမှာ စစ်ကောင်စီရဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေ တွေ့နေရတာကြောင့် ကန်ပက်လက်မြို့ခံတွေ အနေနဲ့ သတိထားသွားလာကြဖို့ ကန်ပက်လက် (CDF) အဖွဲ့က မနေ့မှာ သတိပေးချက်ထုတ်ပြန် ထားပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းကလည်း ထန်တလန်မြို့နယ်က ဂျွန်ဆင်အောက်မေ့ဖွယ် နှစ်ခြင်း အသင်းတော် (JMBC) ဘုရားကျောင်းဝန်းထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကပြောပါတယ်။

ကန်ပက်လက်မြို့မှာ စက်တင်ဘာလ ၁ ရက်နေ့ ကနေ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး အဖွဲ့ (CDF) တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၃၀ ဦးသေဆုံးပြီး CDF အဖွဲ့ဘက်က ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကန်ပက်လက် (CDF) ကပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ကန်ပက်လက်မြို့မှာ နှစ်ပတ်အတွင်း စစ်ကောင်စီဘက်က ၃၀ ဦးလောက် သေဆုံးတယ်ဆိုတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။