ကန်ပက်လက်မှာ စစ်ကောင်စီဝန်ထမ်း ကိုးဆယ်နီးပါး CDM ဝင်လာ

RFA Burmese
2024.08.01
ကန်ပက်လက်မှာ စစ်ကောင်စီဝန်ထမ်း ကိုးဆယ်နီးပါး CDM ဝင်လာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ပေးရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့စဉ်။
Photo: RFA

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်း ၈၈ ဦးဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာကြတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

CDM ဝင်လာတဲ့သူတွေအထဲမှာ ကျန်းမာရေးနဲ့ ပညာရေးဌာနက ဝန်ထမ်းတွေ အများဆုံးပါဝင်တယ်လို့ ဒီအခြေအနေကို သိရှိထားတဲ့ ကန်ပက်လက်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားတဲ့နောက်မှာ လာပြီး CDM ၀င်ကြတာ။ တချို့ကတော့ ကန်ပက် လက်မှာ မနေရဲလို့ ထွက်ပြေးကြတာလည်း ရှိတယ်။ တခြားနေရာတွေကို ပြောင်းရွှေ့ခွင့်တင်တာလည်း ရှိတယ်"

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ မေလ ၉ ရက်နေ့ကစလို့ ရက်ပေါင်း (၆၀) အတွင်း CDM ဝင်ရောက်ကြဖို့နဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့အထိ CDM မဝင်တဲ့ ဝန်ထမ်းတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ မေလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီလိုထုတ်ပြန်ပြီးနောက်ပိုင်း CDM ဝင်လာကြသူတွေရှိသလို CDM မဝင်တဲ့ ဝန်ထမ်းတွေကတော့ ကန်ပက်လက် မြို့ကနေ မကွေးတိုင်း၊ ဆောမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ရန်ကုန်မြို့တွေကို ထွက်ပြေးတိမ်းရှောင်တာ၊ ပြောင်းရွှေ့ခွင့်တင်တာတွေ ရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ CDM လှုပ်ရှားမှုမှာ ပါဝင်လာကြသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။

အမည်မဖော်လိုတဲ့ ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံကတော့ CDM မှာ ပါဝင်လာသူတွေကို သူတို့ထိန်းချုပ်နယ်မြေတွေမှာ လွတ်လွတ်လပ်လပ်နေခွင့်ပေးထားတယ်လို့ RFA ကို ပြောပါတယ်။

"အဓိကတော့ ကျွန်မတို့ အတင်း CDM ဝင်ခိုင်းတာမဟုတ်ဘူး။ ဒီလိုရှိတယ်၊ ကန်ပက်လက်မြို့မှာ CDM ဝင်မယ်ဆို ဝင်ချင်တိုင်း ဝင်ခွင့်မပြုဘူး။ ဝင်ခွင့်ပေးတဲ့ အချိန်အတွင်း ဝင်တဲ့သူတွေပဲ အသိမှတ်ပြုတာ။ အခု Non CDM တွေက ဝင်ချင်လို့ အခွင့်အရေးပေးတဲ့သဘော ဖြစ်တယ်။ ကျွန်မတို့က သေချာရှင်းပြ၊ ပြောပြပြီးမှ သူတို့ဆန္ဒအတိုင်း ၀င်တာပါ။ ပြီးတော့ မြို့သိမ်းတိုက်ပွဲ စတော့မှာဆိုတော့ သူတို့လည်း စိုးရိမ်တာလည်း ပါတာပေါ့"

ကန်ပက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ လောက်ကစလို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းနေတာလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က စစ်တပ်ပိုင် မြဝတီသတင်းစာမှာ အကြောင်းအမျိုးမျိုးကြောင့် CDM ဝင်ရောက်နေရသူတွေနဲ့ စိုးရိမ်မှုတွေကြောင့် လုပ်ငန်းခွင်တွေကနေ တိမ်းရှောင်နေကြရတဲ့ ဝန်ထမ်းတွေအတွက် ဖြေလျှော့ မှုတွေ လုပ်သွားမှာဖြစ်လို့ ပြန်လည်ဆက်သွယ်ကြဖို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ကန်ပက်လက်မြို့နယ်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါ၀င်သူ ရှစ်ရာကျော် ရှိနေတယ်လို့ ကန်ပက်လက်မြို့ပြည်သူ့အုပ်ရေးအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။