ကန့်ဘလူ ထန်းကုန်းရွာပဋိပက္ခ စတင်စေခဲ့သူကို ထောင် ၇ နှစ်ချမှတ်
2013.09.05

စစ်ကိုင်းတိုင်း၊ ထန်းကုန်းရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ပဋိပက္ခစဖြစ်စေတဲ့ကိစ္စမှာ အမျိုးသမီးတစ်ဦးကို ဘလက္ကာယလုပ်သူ ဆန်းမင်းဦးကို မုဒိန်းမှုဆိုင်ရာပြစ်မှု ပုဒ်မတွေနဲ့ မနေ့က စက်တင်ဘာလ ၄ ရက်နေ့မှာ ကန့်ဘလူမြို့နယ် တရားရုံးက ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်စီရင်လိုက်တယ်လို့ သိရပါတယ်။
ဆန်းမင်းဦးဟာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး၊ သူ့ကို မုဒိန်းကျင့်ရန်ကြံစည်မှု ပုဒ်မ(၃၇၆/၅၁၁)အတွက် ပြစ်ဒဏ် ၅ နှစ်၊ ကာယိန္ဒြေပျက်စီးစေမှု ပုဒ်မ (၃၅၄) အတွက် ပြစ်ဒဏ် ၂ နှစ် စုစုပေါင်း ၇ နှစ် အမိန့်ချလိုက်တာလို့ သိရတဲ့အကြောင်း ကန့်ဘလူမြို့က ဒေါက်တာ လှိုင်မြင့်ဟန်က ပြောပါတယ်။
ဆန်းမင်းဦးကို မန္တလေးထောင်ကိုပို့လိုက်ပြီလို့ ကြားသိရတဲ့အကြောင်းလည်းပြောပါတယ်။
ဒီပဋိပက္ခမှာ အကြမ်းဖက်ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ သံသယဖြစ်သူ အဲဒီဒေသတဝိုက်က ဗုဒ္ဓဘာသာဝင် ရွာသား ၁၁ ယောက်ကို ဖမ်းဆီးစစ်ဆေးနေဆဲမှာပဲ အဲဒီလူတွေထဲက အသက် ၄ဝ အရွယ် ဦးဆန်းချိုဆိုသူ သေဆုံးခဲ့ပါတယ်။ သူဟာ ဝမ်းလျှောလို့ သေဆုံးတာလို့ ရဲဌာနကပြောပေမယ့်၊ ဝမ်းလျှောလူနာတစ်ယောက် တစ်ရက်အတွင်း သေဆုံးရတဲ့အပေါ် သံသယရှိတယ်လို့ ဆရာဝန်တစ်ဦးဖြစ်တဲ့ ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။
ထန်းကုန်းရွာပဋိပက္ခမှာ မွတ်စလင်တွေရဲ့ အိမ်ခြေ ၄၈ လုံးလောက် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး၊ အခုတော့ အလှူရှင်တစ်ဦးရဲ့ အကူအညီနဲ့အိမ်တွေပြန်ဆောက်ဖို့ စီစဉ်နေပြီလို့သိရပါတယ်။