ကန့်ဘလူမှာ လယ်သိမ်းခံတောင်သူ ၆ ဦးကို ထောင်ဒဏ်တွေ ချမှတ်


2014.07.16
farmers-prostet-305 ညောင်ဝန်းကျေးရွာမှာ စစ်တပ်က သိမ်းယူထားခဲ့တဲ့ လယ်မြေတွေမှာ ဇွန်လ ၆ ရက်နေ့က လယ်သမားတွေက ဆန္ဒပြ ဝင်ရောက်ထွန်ယက်နေစဉ်
Photo: RFA

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ လယ်သမား ၆ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ သက်ဆိုင်ရာက ပြီးခဲ့တဲ့ ၁၄ ရက်နေ့မှာ ထောင် ဒဏ်တွေ အသီးသီးချမှတ်လိုက်သလို နောက်ထပ် လယ်သမား အယောက် ၁၀၀ ကျော်လည်း အမှု ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

ထောက်ရှာအိုင်နဲ့ ပေကြီးရွာက လယ်သမား ကွန်ရက်ခေါင်းဆောင်နဲ့ကျေးရွာအုပ်ချုပ်ရေး မှူး နှစ်ယောက်၊ အခြားလယ်သမား ၃ ယောက်ကို ကန့်ဘလူတရားရုံးက ထောင်ဒဏ်ချမှတ်လိုက် တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တရားစွဲခံထားရသူ တောင်သူ တစ်ဦးဖြစ်တဲ့ ကိုထွန်းနိုင်က အခုလိုပြောပါတယ်။

"ချတာတော့ ၆ ယောက်ပေါ့ဗျာ၊ ကျနော်တို့ တောင်သူလယ်သမားကွန်ရက်အဖွဲ့ဆိုပြီး ဖွဲ့စည်းတာတွေရှိ တယ်လေ၊ ဦးသောင်းထွန်းကတော့ အဖွဲ့ခေါင်းဆောင်ပေ့ါဗျာ၊ ပေကြီး ဥက္ကဌ ဦးစိန်ထွန်း၊ ထောက်ရှာအိုင် ဥက္ကဌ ဦးဝင်းကို သူတို့ ၃ ယောက်ကတော့ တစ်ယောက်ကို ၂ နှစ်စီဗျ၊ ကိုကျော်ရင်ကတော့ သူ့ဘာသာသူ တောမီးဝင် ပြီးလောင်တာကို မူလတောင်သူက ရှို့ပါတယ်ဆိုပြီး တိုင်တာပေါ့ဗျာ၊ သူကတော့ ၁ နှစ်ကျတယ်ဗျ၊ ကိုဇော်မင်း ကလည်း ၂ နှစ်၊ နောက်တစ်ယောက်ကလည်း ၂ နှစ် အဲတာကလည်း ထောက်ရှာအိုင်ကပဲ"

အဲဒီဒေသက လယ်ဧကတစ်သောင်းကျော်ကို ၁၉၉၉ ခုနှစ်မှာ ဒေသခံစစ်တပ်ကသိမ်းပြီး သကြားစက်တည်ခဲ့သလို၊ အဲဒီစက်ရုံကုန်ကြမ်းအတွက် ကြံစိုက်ခင်းတွေဖန်တီးပြီး လယ်သမားတချို့ကို သီးစားခနဲ့ စိုက်ပျိုးခိုင်းနေတာဖြစ်တယ် လို့ သိရပါတယ်။

မနှစ်ကတော့ ပိုနေတဲ့မြေတွေကို ပြန်ပေးတယ်လို့ဆိုတဲ့အတွက် မူလတောင်သူတွေ ဝင်ရောက်ထွန်ယက်တဲ့အခါ သီးစားခနဲ့လုပ်နေတဲ့ လယ်သမားတွေကို တရားလိုအဖြစ် တရားစွဲခိုင်းခဲ့တာလို့သိရပါတယ်။

တရားစွဲခံထားရသူ တောင်သူ ကိုထွန်းနိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။