ကန့်ဘလူမှာ လယ်သမား ၂၀၀ လောက် တရားစွဲခံထားရ၊ ၂၄ ဦးကို ထောင်ချထား


2014.07.18
nargis_farmer_305px.jpg လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ
Photo: AFP

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ ထောက် ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က ကြံစိုက်ပျိုးဖို့အတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက် ထွန်ယက်ခဲ့တဲ့အတွက် တောင်သူ ၂၀၀ လောက်ကို တရားစွဲဆိုထားပြီး ၂၄ ဦးကို ထောင်ဒဏ်ချမှတ် ထားကြောင်း တရားစွဲခံထားရတဲ့ တောင်သူတွေက ဒီနေ့ မန္တလေးမြို့ အလုပ်သမား၊ လယ်သမားအရေး ခန်းမက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အကျိုးဖျက်ဆီးမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ကန့်ဘလူမြို့နယ် ပေကြီးရွာက တောင်သူ ဦးမောင်လင်းက အခုလိုပြောပါတယ်။

"တရားစွဲဆိုခံရတယ်ဆိုရင် ဒီအမှုလောက်နဲ့ မှန်ကန်ရင်တော့ကျမယ်၊ မမှန်ကန်လို့ရှိရင်တော့ လွတ်မယ်ဆိုတဲ့ အနေအထားကလည်းရှိတယ်၊ အခုကျတော့ ကျနော်တို့က မှန်ကန်၏၊ မမှန်ကန်၏ ဝေဖန်ချိန် လည်းမရှိသလို သုံးသပ်မှုကလည်း တရားသူကြီးက မရှိပဲနဲ့ အချခံရတဲ့အနေအထား ရောက်တာပေါ့၊ ခံစားချက် အခွင့်အလမ်း ဘာတစ်ခုမှ မရှိသလိုဖြစ်နေတယ်ပြီးတော့ ဟိုဘက်ကတိုင်သမျှ အမှုအောင်တာဖြစ်နေတယ်"

တရားစွဲခံထားရတဲ့ တောင်သူ ၂၀၀ လောက်က ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်၊ ပေကြီး၊ မြေမွန် စတဲ့ကျေးရွာ ၇ ရွာက တောင်သူတွေဖြစ်ပြီး တောင်သူတစ်ဦးကို ထောင်ဒဏ် ၃လကနေ ၅နှစ်နဲ့ ၃လအထိ ချမှတ်ခံရနိုင်တယ်လို့ တရားစွဲဆိုခံရတဲ့ တောင်သူတွေက ပြောပါတယ်။

ပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေးတပ်က လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်က ကြံစိုက်ပျိုးရေး စီမံကိန်းအတွက် လယ်ယာမြေဧက တစ်သောင်းကျော်ကို သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တောင်သူ ၂၀၀ လောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်စီးမှုတို့နဲ့ စစ်တပ်ကနေ သီးစားငှားရမ်းလုပ်ကိုင်နေ တဲ့ တောင်သူတွေက တရားလိုပြုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာက လယ်ယာမြေဧက ၁၃၀ သိမ်းဆည်းခံထားရတဲ့ တောင်သူ ကိုဇော်ဝင်းမောင်ကို RFA သတင်းထောက် ကိုကျော်သူ ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။