ကန့်ဘလူမှာ နောက်ထပ် တောင် သူ ၃၁ ဦးကို ထောင်ဒဏ်တွေ ချမှတ်


2014.07.19
farmer-prostet-305 လယ်ထွန်နေတဲ့ လယ်သမားများကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တရားရုံးက စစ်တပ် နဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျေးရွာ ၄ ရွာက ရွာသား ၃၁ ယောက်ကို မနေ့က ထောင်ဒဏ် ၃ လ ကနေ ၃ နှစ်အထိ အသီးသီးချမှတ်ခဲ့ပါတယ်။

ကျန်တဲ့ တောင်သူတွေကိုလည်း လာမယ့် ဇူလိုင် လ၂၁ ရက်နေ့မှာ ရုံးချိန်းခေါ်ထားတယ်လို့ တရားစွဲဆိုခံထား သူတွေထဲက ခအုန်းသာကျေးရွာက တောင်သူ ဒေါ် တင်တင်စန်းက ပြောပါတယ်။

"စစ်တပ်ကနေပြီးတော့ ၂ဝ၁၃ က မူလပိုင်ရှင်တွေ ကို ပြန်ပေးပြီးတော့ လုပ်စားပိုင်ခွင့် ပုံစံ ၃ တွေရော ချပေးထားလို့ တောင်သူတွေက လုပ်ကိုင်နေတာပါ၊ အခုတိုင်တဲ့ဟာတွေက သီးစားတွေကတိုင်တာ၊ လယ်သမားတွေ ၃ လအတွင်းကို ၅၄ ယောက်ရှိသွားပြီ ၂၁ ရက်နေ့ကို လူပေါင်း ၂ဝဝ ကျော် ၃ဝဝ လောက်တော့ ရုံးချိန်းရှိပါတယ်"

ကန့်ဘလူမြို့နယ်မှာ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က ကြံစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်မြေဧက ၁ သောင်းကျော်မှာ တောင်သူတွေက ဝင်ရောက်ထွန်ယက်လို့ဆိုပြီး ကန့်ဘလူမြို့နယ် ကျေးရွာတွေက တောင်သူ ၂၀၀ ကို တရားစွဲထားပြီး မနေ့ကအထိ တောင်သူ ၅၄ ဦးကို ထောင်ဒဏ် ၃ လကနေ ၃ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

အဲဒီတောင်သူတွေကို စစ်တပ်က တရားစွဲတာမဟုတ်ပဲ သီးစားလုပ်ခွင့်ရထားတဲ့သူတွေက အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇ ၊ ပိုင်နက်ကျူးလွန်မှာ ၄၄၇ တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ်က လယ်ဧကတစ်သောင်းကျော်ကို ၁၉၉၉ ခုနှစ်မှာ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က သိမ်းယူခဲ့ရတာဖြစ်ပြီး အဲဒီနေရာမှာ သကြားစက်တည်ဆောက်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။