စစ်ကောင်စီတပ်တွေကြောင့် ကန့်ဘလူဒေသခံ တစ်သောင်းခွဲနီးပါး ထွက်ပြေးနေရ
2024.04.06

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီရဲ့ ခမရ (၃၆၁) နဲ့ ပျူစောထီးအဖွဲ့တွေ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေတာကြောင့် ရွာ ၁၅ ရွာက ဒေသခံ တစ်သောင်းခွဲနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဧပြီလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
မီးရှို့ခံရလို့ ပျက်စီးသွားတဲ့ အိမ်အလုံးအရေအတွက်ကို မသိရသေးဘူးလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီနေ့တော့ ပိတောက်ပင်ကျေးရွာကို မီးရှို့သွားတယ်၊ အိမ်ခြေဘယ်လောက်နဲ့ ပျက်စီးတဲ့အခြေအနေတော့ ကျွန်တော်တို့ မသိရသေးဘူး၊ ပေကုန်းရွာမှာတော့ နှစ်လုံးမီးရှို့ခံရတယ်၊ စစ်ကြောင်းထိုးတာက ရှစ်ရက်ရှိသွားပြီ၊ ရွာကတော့ ၁၅ ရွာလောက်ရှိမယ်၊ လူဦးရေကတော့ တစ်သောင်းခွဲနီးပါးလောက်တော့ ရှိမယ်၊ စစ်ကြောင်းထိုးတာက ခမရ ၃၆၁ လို့ သိရတယ်၊ ဘာကြောင့်ထိုးတယ်လို့တော့ မသိရဘူး၊ ခန့်မှန်းကြည့်တာတော့ အထိုင်စခန်းတွေကို နောက်ကနေ ရိက္ခာပို့ရင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်တယ်လို့ ယူဆရပါတယ်၊ ရွာတွေက ကပ်ရပ်တွေမဟုတ်ဘူး၊ သူတို့လမ်းကြောင်းရှိတဲ့ လမ်းကြောင်းသင့်တဲ့ရွာတွေက ကြိုထွက်ပြေးကြရတယ်၊ တချို့ရွာတွေလည်း ရုတ်တရက်ထွက်ပြေးရတာလည်းရှိတယ်"
အဲဒီစစ်ကြောင်းဟာ မတ်လကုန်ကနေ ဧပြီလ ၆ ရက်နေ့ထိ ၈ ရက်ကြာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပေကုန်း၊ ဆားတွင်းကြီး၊ ပင်းတဲ၊ ဟင်းဖြူတော၊ နဂါးပေါ်၊ အုတ်ခင်း၊ ချပ်လယ်၊ ပိတောက်ပင်၊ ဇီးကုန်း၊ နှောကုန်းနဲ့ ကျေးတော စတဲ့ ကျေးရွာတွေက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြးနေရတာလို့လည်း ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ စားသောက်စရာနဲ့ နေထိုင်ဖို့ တဲတွေလိုအပ်နေတယ်လို့လည်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဖေဖော်ဝါရီလကုန်လောက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား နှစ်သောင်းရှစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။