ကန့်ဘလူမှာ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူတွေတိုးလာနေ
2023.06.21

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ တိုက်ပွဲတွေကြားထွက်ပြေးရင်း မြွေကိုက်ခံရသူတွေ တိုးလာနေတယ်လို့ အဲဒီဒေသမှာ အကူအညီပေးရေးလုပ်နေတဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
ဒီဇွန်လတစ်လတည်းမှာတင် မြွေကိုက်ခံရတဲ့ လူနာ ၁၁ ဦးရှိလာနေပြီလို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကနေလွတ်ဖို့ တောတောင်တွေထဲ ထွက်ပြေးပုန်းရှောင်ကြရင်းက မြွေကိုက်ခံရတာဖြစ်ပါတယ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူတစ်ဦးက "ကိုးတောင်ဘို့တိုက်နယ်မှာ ရွာသားတွေက ရွာထဲမနေရဲကြဘူး၊ တောထဲမှာထွက်ပြေးနေကြတာ၊ တောထဲမှာနေတော့ မြွေဆိုးကိုက်ခံရတာများတယ်၊အဲအထဲက မြွေပွေးကိုက်ခံရတာအများဆုံး၊ မြွေဟောက်ကိုက်တာက နှစ်ယောက်လောက်တော့ရှိတယ်" လို့ပြောပါတယ်။
မြွေကိုက်ခံရသူတွေတိုးလာတာကြောင့် မြွေဆိပ်ဖြေဆေးအရေးပေါ်လိုအပ်နေတတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။
မြွေဆိပ်ဖြေဆေး BPI တစ်လုံးကို တစ်သိန်းကနေ တစ်သိန်းသုံးသောင်းအထိပေါက်စျေးရှိသလို အိန္ဒိယမြွေဆိပ်ဖြေဆေးက တစ်လုံးကို ကျပ်သုံးသောင်းကနေ ကျပ်ငါးသောင်းအထိစျေးပေါက်နေတာကြောင့် လိုအပ်သလောက်လည်း ဝယ်မရဘူးလို့ ဆိုပါတယ်။
အခုလိုမိုးရာသီကျချိန်မှာ မြွေကိုက်ခံရတာတွေ များလာတာကြောင့် သတိပြုနေကြဖို့လည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ကတိုက်တွန်းပါတယ်။
ဒီဇွန်လဆန်းကနေစပြီး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ မြွေအန္တရာယ်ပညာပေးဟောပြောတာတွေလည်း လုပ်နေကြပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက လက်ရှိအချိန်ထိ မြွေကိုက်လူနာ ၈၀ ကျော်ရှိပြီး သေဆုံးသူ ခြောက်ဦးသေဆုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။