ကန့်ဘလူမှာ ရွာလေးရွာက နေအိမ် ၂၅၀ ကျော်မီးရှို့ ဖျက်ဆီးခံရ

RFA Burmese
2023.02.22
ကန့်ဘလူမှာ ရွာလေးရွာက နေအိမ် ၂၅၀ ကျော်မီးရှို့ ဖျက်ဆီးခံရ ကန့်ဘလူမြို့နယ်အတွင်းက မီးရှို့ဖျက်ဆီးခဲ့ရသည့် နေအိမ်များကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက မြေမွန်၊ တရော်ကိုင်း၊ ပေကုန်း (တောင်) နဲ့ ချောင်းကြားစတဲ့ ရွာလေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ သုံးရက်အတွင်း ဝင်ရောက်စီးနင်း မီးရှို့တာကြောင့် နေအိမ် ၂၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အားတစ်ရာ နီးပါးပါတဲ့ ခမရ-၃၆၉ တပ်ဟာ တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက် စီးနင်းခဲ့ပြီး မြေမွန်ရွာက နေအိမ် ၂၁၈ လုံး၊ တရော်ကိုင်းရွာက နေအိမ် နှစ်လုံး၊ ပေကုန်း(တောင်) ရွာ နေအိမ် ရှစ်လုံး၊ ချောင်းကြားရွာက နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စစ်ကြောင်း ပြန်ထွက်သွားပေမယ့် ဒေသခံတွေ ရွာကို မပြန်ရဲသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အခုတော့ ဒေသခံတွေအကုန် ဘေးလွတ်ရာ ရှောင်နေကြပါတယ်။ စစ်ကြောင်းကတော့ ခင်ဦးမြို့နယ်ထဲ ပြန်ထွက်သွားပါပြီ"

မြေမွန်ရွာဟာ နေအိမ် ၈၀၀ကျော် လူဦးရေ ၂၅၀၀ နီးပါး နေထိုင်ပြီး၊ တရော်ကိုင်းရွာကတော့ နေအိမ်သုံးရာ၊ လူဦးရေ တစ်ထောင်ကျော် နေထိုင်ပါတယ်။

ပေကုန်း (တောင်) ရွာက နေအိမ်လေးရာ၊ လူဦးရေ ၁၃၀၀ နီးပါးရှိပြီး ချောင်းကြားရွာကတော့ နေအိမ် ၁၅၀ နဲ့ လူဦးရေ ငါးရာနီးပါးနေထိုင်ပါတယ်။

ချောင်းကြားရွာဟာ သုံးကြိမ်မြောက် မီးရှို့ခံရပြီး အခုတစ်ကြိမ်မီးလောင်တဲ့ နေအိမ် ၂၄ လုံးအပါအဝင် နေအိမ် ၅၄ လုံး မီးလောင်ဆုံးရှုံးပြီးပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းပြီး နှစ်နှစ်အကြာ စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၄၃၂၉၂ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။