ကညင်ချောင်းဇုန်ကို ကျပ်သန်းပေါင်း ၂၂၀၀ နဲ့ အကောင်အထည်ဖော်မည်


2017.11.01
maungtaw-border-trade-622.jpg မောင်တောမြို့ အမှတ်(၁) နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းကို အပေါ်စီးကနေ မြင်တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြည်နယ်အစိုးရနဲ့ ပုဂ္ဂလိကပိုင် နတ်မြစ်အလင်းတန်း ကုမ္ပဏီတို့ ပူးပေါင်းပြီး ငွေကျပ်သန်းပေါင်း ၂၂၀၀ နဲ့ ကညင်ချောင်းစီးပွားရေးဇုန်ကို စတင် အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

လက်ရှိ ဘဏ္ဍာနှစ်မှာ ပြည်နယ်အစိုးရ အသုံးစရိတ်ထဲက ကျပ်သန်းပေါင်း ၁၅၀၀ နဲ့ ပုဂ္ဂလိက ကုမ္ပဏီက ကျပ်သန်းပေါင်း ၇၀၀ ထည့်ဝင်ပြီး အဲဒီစီးပွားရေးဇုန်ကို အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

စီးပွားရေးဖံ့ွဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ဖြစ်ပေါ်လာတဲ့အခါ အကြမ်းဖက်မှုတွေ လျော့နည်းသွားမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းတွေကို ကညင်ချောင်း စီပွားရေးဇုန်ကနေ ဆန်စပါး၊ သားငါး အရောင်းအဝယ်တွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကညင်ချောင်းစီးပွားရေးဇုန်ကို မြေဧက ၁၀၀ မှာ တည်ဆောက်မှာဖြစ်ပြီး တန်ချိန် တစ်ထောင်ဆံ့တဲ့ သင်္ဘောတွေ ဝင်ရောက်နိုင်တဲ့ ဆိပ်ကမ်းတစ်ခုအဖြစ် အကောင်အထည်ဖော်သွားမယ်လို့လည်း မြဝတီသတင်းဌာနမှာ ဖော်ပြထားပါတယ်။

အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် နတ်မြစ်အလင်းတန်းကုမ္ပဏီဟာ  မောင်တောမှာအခြေစိုက်တဲ့ ကုမ္ပဏီတွေ ပါဝင်သလို ရန်ကုန်အခြေစိုက်ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။

အဲဒီကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံးခွဲက ဒီလ ၅ ရက်နေ့က မှတ်ပုံတင် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

စီးပွားရေးဇုန်သစ်အကောင်အထည်ဖော်မယ့် မောင်တောမြို့နယ် ကညင်ချောင်းဆိပ်ကမ်းဟာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်အလွန်ကာလတွေက ရခိုင်ပြည်နယ်ကနေ ထွက်ရှိတဲ့ ဆန်စပါးတွေကို တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို တင်ပို့ရာမှာအသုံးပြုခဲ့တဲ့ဆိပ်ကမ်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။