အာဏာသိမ်းကာလအတွင်း ကယားမှာ တိုက်ပွဲပေါင်း ၆၅၀ ရှိ
2023.04.01

စစ်တပ်အာဏာသိမ်းကာလ ၂၅ လအတွင်း ကယားပြည်နယ်မှာ အရပ်သား ၃၁၃ ယောက် အသတ်ခံရပြီး တိုက်ပွဲပေါင်း ၆၅၀ ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီ ၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂ဝ၂၃ မတ်လ ၃၁ ရက်နေ့အထိ ကယားပြည်နယ်အတွင်း နိုင်ငံရေး၊ စစ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုတွေကို PKPF က ထုတ်ပြန်လိုက်တာပါ။
အသတ်ခံရတဲ့ အရပ်သား ၃၁၃ ယောက်အပြင် စစ်ဘေးရှောင်နေစဉ်မှာ သေဆုံးသူက ၁၃၄ ယောက် ရှိပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၅၂ ယောက် ရှိတယ်လို့ PKPF စာရင်းမှာ ဖော်ပြထားပါတယ်။
လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့အရေအတွက်က အကြိမ်ပေါင်း ၃၁ဝ ရှိပြီး နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ ၁၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူကတော့ ၂၇၉ ယောက် ရှိတယ်လို့ PKPF စာရင်းတွေအရ သိရပါတယ်။
ကယားပြည်နယ်ဟာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နယ်မြေတစ်ခုဖြစ်ပြီး တစ်ပြည်နယ်လုံး လူဦးရေ လေးသိန်းနီးပါးရှိတဲ့အနက် စစ်ဘေးဒုက္ခသည်က နှစ်သိန်းခွဲ ရှိပါတယ်။
လတ်တလောမှာတော့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပြီး ဆေးဝါးမလုံလောက်မှု၊ အာဟာရပြတ်လပ်မှုတွေကြောင့် ကလေးသူငယ်တွေဟာ အရေပြားကူးစက်ရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောဝေဒနာတွေ ခံစားနေရပါတယ်။