ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒုတိယအကြိမ် ဖမ်းဆီးခံရ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဖေဖော်ဝါရီလ ၈ ရက် ဒီကနေ့ နေ့လယ် နှစ်နာရီလောက်မှာ စစ်တပ်က လာရောက်ဖမ်းဆီးသွားပါတယ်။
နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်နန်းခင်ထွေးမြင့်ကို စစ်တပ်နဲ့ ရဲတွေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီးတော့ ဘယ်ကိုခေါ်သွားလဲဆိုတာကို မသိရသေးဘူးလို့ ကရင်ပြည်နယ် ဝန်ကြီးတဦးက RFA ကိုပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းတဲ့ အာရုဏ်တက်အချိန်မှာလည်း ဒေါ်နန်းခင်ထွေးမြင့်ဟာ အမှတ် ၂၀၂ ခြေမြန်တပ်ရင်းမှာ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး၊ နောက်တနေ့မှာ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီးတော့ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့တာပါ။
ဒေါ်နန်းခင်ထွေးမြင့်ဟာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ်မှာ စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို နေအိမ်တွင်းကနေ ပူးပေါင်းပါဝင်ခဲ့သလို ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဆက်လုပ်ဖို့ သတင်းမီဒီယာတွေကနေ တဆင့်ပြည်သူတွေကို တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်း ၈ ရက်မြောက်နေ့မှာ ဒေါ်နန်းခင်ထွေးမြင့် ဒုတိယအကြိမ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထပ်မံဖမ်းဆီးခံရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။
ဒေါ်နန်းခင်ထွေးမြင့်ဟာ ဒီကနေ့ အဖမ်းမခံရခင်အချိန်လေးမှာ သူ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာကနေ ဗီဒီယိုဖိုင်တခုလွှင့်တင်ခဲ့ပြီးတော့ တပ်မတော်သားတွေအနေနဲ့ လည်း စစ်အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုတွေမှာ ပူးပေါင်းပါဝင်ကြဖို့ ပြောဆိုထားပါတယ်။
အလားတူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ကိုလည်း စစ်တပ်က နောက်တကြိမ် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားပြီး ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ မသိရသေးပါဘူး။