ကရင်ပြည်နယ်မှာ စစ်ပွဲတွေကြား ကလေးငယ် တစ်သိန်းခွဲကျော် ထွက်ပြေးနေရ

2022.10.11
ကရင်ပြည်နယ်မှာ စစ်ပွဲတွေကြား ကလေးငယ် တစ်သိန်းခွဲကျော် ထွက်ပြေးနေရ ထိုင်းနယ်စပ်ကို ထွက်ပြေးခဲ့ကြသည့် စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo : Reuters

တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတဲ့ ကရင်ပြည်နယ်ထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် သုံးသိန်းခွဲကျော် ရှိလာနေပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ပါတယ်။


အဲဒီသုံးသိန်းခွဲကျော်ထဲက ထက်ဝက်ဟာ ကလေးနဲ့လူငယ်တွေဖြစ်ပြီး မိန်းကလေးငယ်တွေ အများဆုံးဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ KHRG ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီကနေ့ဟာ နိုင်ငံတကာ မိန်းကလေးများနေ့လည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ မိန်းကလေးတွေအပေါ် အဓ္ဓမခိုင်းစေတာ၊ လူသားဒိုင်း အဖြစ်အသုံးပြုတာ၊ လူကုန်ကူးတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ရှိနေတယ်လို့  KHRG ကပြောပါတယ်။

"မွေးကင်းစကနေ ဆယ်နှစ်အောက်ကလေးတွေရော၊ ၁ဝ နှစ်နဲ့ ၁၈ နှစ်ကြား ကလေးငယ်တွေလည်း ထွက်ပြေးနေရတဲ့ထဲ အများကြီးပါတယ်။ မွေးကင်းစ ကလေးတွေဆိုရင် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပစ္စည်းတွေမရှိဘူး။ အနှီးတို့ ဆေးဝါးတို့ နို့မှုန့်တို့ မရှိဘူး။ ကလေးရော၊ မွေးမိခင်အတွက်ပါ ကျန်းမာရေးအတွက် အန္တရာယ်များ ခက်ခဲနေတယ်" လို့ KHRG ရဲ့ ပြောခွင့်ရှိသူ ကိုစောနန္ဒဆူးက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် သေဆုံးရတဲ့သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကလေးသူငယ်တွေ အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်တာတွေအတွက် အာဏာသိမ်း စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ကြဖို့လည်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တောင်းဆိုထားပါတယ်။

စစ်ကောင်စီကို လက်နက်ခဲယမ်းတွေ၊ လေယာဉ်နဲ့ လေယာဉ်ဆီတွေ မရောင်းချဖို့နဲ့၊ လက်နက်ပွဲစားတွေကိုလည်း စီးပွားရေးပိတ်ဆို့ပေးဖို့ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။