ဆုတောင်းပွဲတက်ရောက်တဲ့ ဒေသခံတွေကို ရဲတပ်ဖွဲ့ တားဆီး


2017.11.07
karen-coal-prayer-622.jpg တောတောင်ရေမြေသဘာဝ မပျက်စီးစေဖို့ ဆုတောင်းတဲ့ပွဲကနေ ပြန်လာတဲ့ဒေသခံကားတွေကို ခရိုင်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၇ ရက်နေ့က တားဆီးစစ်ဆေးစဉ်
Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအုပ်စုအနီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်ဧရိယာထဲမှာ ပါဝင်တဲ့ ကျေးရွာတွေစုပေါင်းပြီး တောတောင်ရေမြေသဘာဝ မပျက်စီးစေဖို့ ဆုတောင်းတဲ့ပွဲကို တက်ရောက်တဲ့ ဒေသခံတောင်သူတွေ ၂ကြိမ်တိုင်တိုင် တားဆီးစစ်ဆေးခံခဲ့ရပါတယ်။

ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံဆရာတော်တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ဒေသခံ ၃၀၀ ကျော်ဟာ သုံးအိမ်ကျေးရွာမှာ ဒီနေ့မနက်ပိုင်းက ဆုတောင်းပွဲကျင်းပခဲ့ပြီး ကျောက်မီးသွေးအလိုမရှိ ဆိုတဲ့ ကျောက်တိုင် ကိုလည်း စိုက်ထူခဲ့ကြပါတယ်။

အဲဒီဆုတောင်းပွဲက ပြန်လာတဲ့ ဒေသခံတွေရဲ့ မော်တော်ယာဉ် အစီး ၂၀ ကျော်ကို ခရိုင်ရဲတပ်ဖွဲ့က လိုင်စင်မဲ့ကားတွေဆိုပြီး ဖမ်းဆီးခဲ့သလို ဘားအံမြို့အဝင်မှာ ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။

ပြည်နယ်ရဲမှူးအမိန့်ကြောင့် တရားမဝင်ကားတွေကို ခရိုင်အတွင်းဖမ်းဆီးတာလို့ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်ဝင်း က ပြောပါတယ်။

ဒေသခံတွေကတော့ ဆုတောင်းပွဲကပြန်လာတဲ့ ယာဉ်တွေကိုသာ တရားမဝင်ဆိုပြီး ဖမ်းဆီးစစ်ဆေးတာလို့ ဆိုကြပါတယ်။

ဆရာတော်တွေနဲ့ ကျေးရွာသားတွေက ဆုတောင်းပွဲမှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရင် ရေမြေတွေ ပျက်စီးမှာကို စိုးရိမ်တာကြောင့် ဆုတောင်းမေတ္တာပို့သခဲ့သလို ကျောက်မီးသွေးအလိုမရှိဆိုတဲ့ ခေါင်းစီးတွေ ပတ်တာ၊ မျက်နှာဖုံးတွေမှာ ကျောက်မီးသွေးအလိုမရှိ စာတမ်းပါတာတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

မနေ့ကလည်း ဆုတောင်းပွဲကျင်းပမယ့်နေရာကို ပြင်ဆင်နေစဉ် အုပ်ချုပ်ရေးမှူးနဲ့ ဝတ်ကြီးကျေးရွာရဲစခန်းမှူးက ဆုတောင်းပွဲကျင်းပရင် ဖမ်းဆီးမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆုတောင်းပွဲမှာ ဝေမယ့် စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

ဒေသခံရွာသားတွေဟာ ကားတွေဖမ်းဆီးခံရတာကြောင့် လမ်းလျှောက်ပြီး ဘားအံမြို့မှာ ကျင်းပနေတဲ့ ပြည်နယ်နေ့ အခမ်းအနားကို သွားရောက်ဖို့ ကြိုးစားရာမှာလည်း မြို့အဝင်မှာ တားဆီးစစ်ဆေးခဲ့ပါတယ်။

ခွင့်ပြုချက်မရှိဘဲ ဆုတောင်းပွဲကျင်းပခဲ့တဲ့အတွက် တရားဥပဒေအရ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆုတောင်းပွဲ မှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ ဗဟိုကော်မတီဝင်တွေကို ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဝတ်ကြီးကျေးရွာအနီးမှာ တိုယိုထိုင်းကုမ္ပဏီက ၁၂၈၀ မဂ္ဂါဝပ် ထွက်ရှိမယ့် ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံကို တည်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပြီး ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ကန့်ကွက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။