ဒုံးယိမ်းအဖွဲ့ကို ပိတ်ပင်


2017.11.09
karen-done-622 ကရင်ပြည်နယ်နေ့ အခမ်းအနားမှာ ပြည်နယ်အာဏာပိုင်တွေက ဖျော်ဖြေခွင့်မပြုဘဲ ပိတ်ပင်လိုက်တဲ့ ကြောင်ကနဲဒုံးအဖွဲ့ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ်မှာ အစိုးရက ဆောက်လုပ်မယ်လို့ ပြင်ဆင်နေတဲ့ ကျောက်မီးသွေး စီမံကိန်းကို ဝေဖန်မယ်လို့ သတင်းထွက်နေတဲ့ ကြောင်ကနဲဒုံးအဖွဲ့ကို ကရင်ပြည်နယ်နေ့ အခမ်းအနားမှာ ပြည်နယ်အာဏာပိုင်တွေ က ဖျော်ဖြေခွင့်မပြုဘဲ ပိတ်ပင်လိုက်ပါတယ်။

သူတို့အဖွဲ့ကို ဝန်ကြီးချုပ်ကိုယ်တိုင် ပိတ်ပင်တာဖြစ်ကြောင်း ပြည်နယ်ယဉ်ကျေးမှုဦးစီးဌာနက ပြောတယ် လို့ ကြောင်ကနဲဒုံးအဖွဲ့က စောကျော်လွင်ဦး က ပြောပါတယ်။

"ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်က ပိတ်တာပါ၊ အဲဒါကိုပြန်မေးတော့ ပြည်နယ်ယဉ်ကျေးမှုကနေပြီးတော့ ပြန်ပြောတာကတော့ ဝန်ကြီးချုပ်မပေးကဘူး၊ ကျနော်တို့ရဲ့ နေ့ထူးနေ့မြတ် ကရင်ပြည်နယ်ပွဲမှာ မကရတော့ ကျနော်တို့လည်း စိတ်မကောင်းဖြစ်တာပေါ့၊ အဲဒါကချင်တယ်၊ မပေးကတော့ ကျနော်တို့ မကရလည်း ဘာမှမဖြစ်ဘူးဆိုပြီးတော့ တခြားဖိတ်ခေါ်တဲ့ပွဲတွေ အများကြီးရှိတယ်၊ ကျနော်တို့ပြန်ကမယ်"

ကရင်တေးရေးဆရာတစ်ဦးက ကျောက်မီးသွေးစီမံကိန်းတွေကို ဝေဖန်ထားတဲ့ သီချင်းကို ကြောင်ကနဲ ဒုံးအဖွဲ့အတွက် ရေးပေးထားတယ်လို့ သတင်းထွက်ပေါ်နေတဲ့အတွက် အခုလို ပိတ်ပင်ခံရတာဖြစ် တယ်လို့ ပြောပါတယ်။

ကရင်ပြည်နယ် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်ကျော်ကတော့ အဲဒီဒုံးအဖွဲ့ကို ဖျော်ဖြေခွင့်မပြုတာ ဟုတ်မှန်ကြောင်းနဲ့ ဒုံးအဖွဲ့ရဲ့သီချင်း အချို့ကြောင့် ပြည်နယ်တာဝန်ရှိသူတွေက ဒုံးအဖွဲ့ကို တားမြစ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။

"ခုနကပြောတဲ့ဒုံးဆိုတာလည်း အဲလိုမျိုးစရမယ့်ဟာကို ဘယ်လိုခေါ်မလဲ နည်းနည်းလေးအခက်အခဲရှိတဲ့ သီချင်းလေးတွေပါတာပေါ့၊ အဲဒါကြောင့်မို့ လူကြီးပိုင်းက ခတ္တတားမြစ်ထားတာဖြစ်ပါတယ်"

ဒီကြောင်ကနဲ ဒုံးအဖွဲ့ကို မြန်မာလို ရိုးရာပျောက်မှာ စိုးကြောက်သူများလို့ခေါ်ပြီး ခေတ်ရေစီးကြောင်း အတိုင်း ဖြစ်ပျက်နေတာတွေကို ရေးသားတင်ဆက်တာ၊ ဒေသခံတွေခံစားနေရပြီး မပြောရဲမဆို ရဲဖြစ်နေတာတွေကို သီချင်းရေးစပ်သီဆိုဖျော်ဖြေတဲ့ ဒုံးအဖွဲ့လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်ကတည်းက ဒီကြောင်ကနဲဒုံးအဖွဲ့ဟာ ပြည်နယ်နေ့မှာဖျော်ဖြေခွင့်ရရခဲ့ပေမယ့် ဒီနှစ်မှာ ဖျော်ဖြေခွင့် မရတာဖြစ်ပါတယ်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ဟာ ပြည်နယ်တွင်းမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီလို တည်ဆောက်မယ့်အပေါ် ဒေသခံအချို့က ကန့်ကွက်တာတွေလည်း ရှိနေပါတယ်။

၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားမှာ ပြိုင်ပွဲဝင်ဒုံး ၁၆ သင်းရှိပြီး ဆု၂၃ ဆုပေးအပ်ကာ လာမယ့် နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဆုတွေချီးမြှင့်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။