ကရင်ပါတီခေါင်းဆောင် နဲ့ တောင်သူ ၁၇ ဦးအမှု စစ်ဌာနချုပ် ကျေအေး


2015.07.14
farmers-620.jpg တောင်သူတချို့ ကောက်စိုက်နေကြစဉ်
Photo: Min Thein Aung/RFA

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရေတွင်းကုန်းနဲ့ အဘေကျေးရွာမှာ စစ်တပ်ကသိမ်းယူထားတဲ့ လယ် ယာမြေတွေထဲ ထွန်ယက်တယ်ဆိုပြီး ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံထားရတဲ့ ရန်ကုန်တောင်ပိုင်းခရိုင် ကရင်ပြည်သူ့ ပါတီ ဥက္ကဌ ဦးမန်းအုန်းမြင့်သိန်းနဲ့ ဒေသခံလယ်သမား ၁၇ ယောက်တို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ကျေအေး လိုက်ပါတယ်။

တရားစွဲထားတဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ ကိုယ်စား ခလရ ၇ဝ က ဒုအရာခံဗိုလ် ဦးမြင့်ဆောင်က တွံတေးမြို့နယ် တရားရုံးကို လာရောက်ပြီး အမှုကိုကျေအေးပေးခဲ့တယ်လို့ တရားစွဲခံထားရတဲ့ ဦးမန်းအုန်းမြင့်သိန်းက ပြောပါတယ်။

"ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ ကိုယ်စားပြုတဲ့ ဒုအရာခံဗိုလ်က အမှုလာပိတ်ပေးခဲ့ပါတယ်"

လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က ရေတွင်းကုန်းကျေးရွာနဲ့ အဘေကျေးရွာက လယ်သမား ၆ဝ နီးပါးပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၉ဝဝ ကျော်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်အပါအဝင် တပ်ရင်း ၁၆ ခုက သိမ်းယူထားခဲ့ပြီး တခြားလယ်သမားတွေကို သီးစားချလုပ်ကိုင်စေခဲ့ပါတယ်။ အဲဒီလယ်ယာမြေတွေမှာ ဒေသခံလယ်သမားတွေက ဝင်ရောက်ထွန်ယက်တာကြောင့် ၂၀၁၃ ခုနှစ်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဦးမန်းအုန်းမြင့်သိန်းနဲ့ ၁၇ ဦးတို့ကို ပိုင်နက်ကျုးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။