ပျက်စီးသွားတဲ့ စိုက်ပျိုးမြေတွေမှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့ စီစဉ်


2018.08.04
karen-pm-622.jpg ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ စိုက်ပျိုးမြေဧက အားလုံးမှာ ရက်တိုအတွင်း ပြန်လည်စိုက်ပျိုးနိုင်ဖို့ စီစဉ်ထားတယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ဒီနေ့ ပြောပါတယ်။

လက်ရှိအချိန်ထိ လယ်ယာမြေဧက သောင်းနဲ့ချီ ရေလွှမ်းမိုးခံနေရဆဲဖြစ်ပြီး ပျက်ဆီးသွားတဲ့ မျိုးစပါးအပါဝင် စပါးစိုက်ခင်းတွေကို အမြန်ဆုံးကူညီပေးသွားမှာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

"ကျမတို့ စိုက်ပျိုးရေး ဝန်ကြီးက လယ်သမားတွေအတွက် ရေကျသွားတာနဲ့ သူတို့မြင်ထားတဲ့ မြင်ကွင်းအတိုင်း ပြန်မြင်ရအောင် ကြိုးစားပေးမယ်တဲ့။ ဘာလို့လဲဆိုတော့ ရက်တိုမျိုးကို ထိုင်းကနေ မှာပြီးတော့ လုပ်ရမယ်ပေါ့ နော်။ ဈေးတော့ကြီးတယ်။ ဒါပေမဲ့လည်း လယ်သမားတွေအတွက် ဖြစ်အောင် စိုက်ပျိုးရေး ဝန်ကြီးက ကြိုးစား ပေးမယ်တဲ့။ ဖြစ်မှာပါ။ ရက်ရှည်မျိုးကတော့ ကျမတို့မှာ ရှိတယ်။ ဒါပေမဲ့ ကျမတို့မှာရှိတာက တင်း ၂၅၀၀ ပဲ။ ပျက်သွားတာက ဧက က နည်းတာဟုတ်ဘူးဆိုတော့ ဒီဟာနဲ့ မလောက်ဘူးလေ"

မျိုးစပါးတွေမှာ ဒေသအလိုက် ရက်တိုနဲ့ရက်ရှည်စိုက်ပျိုးနိုင်မယ့် မျိုးစေ့တွေရှိပြီး ရက်ရှည်မျိုးက ရက်ပေါင်း ၁ဝဝ ကျော် ရေမြုပ်တာခံနိုင်ပါတယ်။ ရက်တိုမျိုးကတော့ ရက်ပေါင်း ၂ဝ ခန့်သာ ရေနစ်မြုပ်ခံနိုင်တာဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ ဇူလိုင်လ ၂၂ ရက်နေ့ကတည်းက မိုးကြီးပြီး သံလွင်မြစ်ရေတက်တာကြောင့် မြို့ရွာ တော်တော် များများ ရေလွှမ်းမိုးပြီး စိုက်ပျိုးထားတဲ့လယ်ယာမြေတွေ ရေနစ်မြုပ်နေတာ နှစ်ပတ်ခန့် ကြာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။