လေးကေ့ကော် တိုက်ပွဲကြောင့် အရပ်သား ၁ဝဝဝ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေး

ကရင်ပြည်နယ် မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ် မယ့်ထော်သလေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဘေးလွတ်ရာတိမ်းရှောင်နေတဲ့ ဒုက္ခသည် ၃၀၀၀ ကျော်ရှိနေပြီး အဲဒီအထဲက တစ်ထောင်ကျော်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးဝင်ရောက်လာတယ်လို့ ကရင်အမျိုးသမီး အစည်းအရုံး (KWO) က RFA ကို ပြောပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့လယ်အထိ ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့ ဒုက္ခသည် ၁၀၀၀ ကျော်ရှိပြီး ထိုင်းအာဏာပိုင် တွေကလက်ခံထားပြီ သူတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးတာတွေရှိပေမဲ့ အစားအစာ သွားလှူခွင့်တော့မပြုဘူးလို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) က နော်ဆဲဆဲက ပြောပါတယ်။
ကျန်တဲ့ စစ်ပြေးဒုက္ခသည်တွေ ဟာ KNU ထိန်းချုပ်နယ်မြေမှာ ခိုလှုံနေရသလို၊ တချို့မှာက တောလမ်းတွေမှာပဲ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။ ထွက်ပြေးလာတဲ့အချိန် စောင်တွေ၊ အနွေးထည်တွေ မယူခဲ့ရလို့ ရာသီဥတု အေးလွန်းတဲ့ ဒဏ်ကို ခံနေရတယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လေးကေ့ကော်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဒေသခံအရပ်သား ခုခံကာကွယ်ရေးတပ် (PDF) တွေ ခိုလှုံနေတယ်ဆိုတဲ့ သတင်းကြောင့် ဝင်ရောက်ရှာဖွေတာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်တာကြောင့် စစ်ပြေးဒုက္ခသည်အရေအတွက် ဆက်ပြီးတိုးလာနိုင်တဲ့အနေအထားမှာ ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။