ကော့ကရိတ်တောင်ပိုင်းရွာတွေကို စစ်ကောင်စီလက်နက်ကြီးနဲ့ ပစ်ခတ်

RFA Burmese
2023.05.14
ကော့ကရိတ်တောင်ပိုင်းရွာတွေကို စစ်ကောင်စီလက်နက်ကြီးနဲ့ ပစ်ခတ် ဖျက်ဆီးခံရသည့် ကရင်ပြည်နယ် တောင်ကြာအင်း လမ်းမတစ်နေရာအား ၂ဝ၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကရင်ပြည်နယ် ကော့ကရိတ်ကနေ ကြာအင်းဆိပ်ကြီးကို ဆက်သွယ်တဲ့ ကမိုင်ကုန်းနဲ့ တောင်ကြာအင်း လမ်းမကြီးနှစ်ခုကို စစ်ကောင်စီတပ်က မေ ၁၄ ရက်က ဖျက်ဆီးလိုက်ပြီး ကော့ကရိတ်တောင်ပိုင်းက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ် စကခ ၁၉ လက်အောက်ခံ ခလရ ၃၄၃ တပ်က ဒုတပ်ရင်းမှူးနဲ့ စစ်အင်အား ၅ဝ နီးပါး က မြေတူးစက်တွေနဲ့ လမ်းမနှစ်ခုကို ဖျက်ဆီးပြီး လမ်းပိတ်ဆို့လိုက်တာပါ။ အဲဒီနောက် ကော့ကရိတ်တောင်ပိုင်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

ကော့ကရိတ်မြို့ တောင်ဘက်အခြမ်းကျေးရွာတွေက ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ပူးပေါင်းတပ်တွေကို စစ်ဆင်တိုက်ခိုက်မယ့်သဘော ရှိနေတယ်လို့ KNLA ပူးပေါင်းတပ်တာဝန်ရှိသူက ပြောပါတယ်။

"မနေ့ကတည်းက လမ်းဖျက်မယ် သတင်းကြားနေရတယ်။ အခုမနက်မှာ ခလရ ၃၄၃ တပ်ရင်းအဖွဲ့တွေ ကားတန်းနဲ့ လာပြီး ဘက်ဟိုးကားနဲ့ ကမိုင်ကုန်းရွာထိပ်က လမ်းမကို ဖျက်ပြီး မြောင်းတူးချပြီး ချိုင့်ဖြစ်အောင် လုပ်တယ်။ တောင်ကြာအင်းရွာ ဟောင်သရောတံတားနားမှာလည်း တစ်ခါထပ်သွားပြီး တောင်ကြာအင်းကနေ မြောက်ကြာအင်းဘက် ၊ လောင်းကိုင် ဖားကျရွာဘက်သွားတဲ့ လမ်းကို ဖျက်တယ်။ အခုကော့ကရိတ်မြို့တပ်ကနေ ကမိုင်ကုန်း ရွာဘက် လက်နက်ကြီး ပစ်ထုတ်နေတယ်။ ရွာသားတွေကတော့ ကော့ကရိတ်၊ မြဝတီ၊ ဘားအံဘက်ကို သွားလာဖို့ ခက်ခဲသွားပြီ။မိုးရွာနေတော့ တောင်ကျရေဆင်းတာမှာ ကားတွေ လူတွေသွားလာလို့ မရတော့ဘူး၊ စစ်တပ်က ကော့ကရိတ်တောင်ပိုင်း ဂွင်ကိုပိတ်ဆို့ စစ်တိုက်မယ့် ပုံစံ စလုပ်လာနေပြီ"

KNU တပ်မဟာ၆ ထိန်းချုပ်နယ်မြေ မြဝတီ-ကျောက်ဂူ-ဘုရားကုန်းမှာ မေ ၁၃ရက်ကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်နေတာပါ။ မေလ ၁၄ ရက်နေ့မှာတော့ KNLA တပ်တွေ နဲ့ နှစ်ဖက်ပစ်ခတ်တာ မရှိဘဲ ကော့ကရိတ် ကမိုင်ကုန်းကျေးရွာ၊ တောင်ကြာအင်း၊ နောင်တလာကျေးရွာဘက်ကို KNLA စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်နေတာပါ။

karen (2).jpg
Photo: Citizen Journalist

ဒါကြောင့် ဟောင်သရောမြစ် တစ်ဖက်ကမ်းကျေးရွာတွေကို လှေနဲ့ဖြတ်ကူးပြီး ရှောင်တိမ်းနေရတယ် လို့ လောင်းကိုင်ကျေးရွာသားက ပြောပါတယ်၊

"စစ်တပ်က ပြီးခဲ့တဲ့တစ်ပတ်ကတည်းက တောင်ကြာအင်းနဲ့ မြောက်ကြာအင်းလမ်းကို ဖြတ်တဲ့ ဟောင်သရော တံတားကို ဖြတ်သွားခွင့်ပိတ်တယ်။ နောင်တလာဘက်ကို လက်နက်ကြီးပစ်တယ်။ အဲ့ဒီကတည်းက ကျုံဒိုးဘက်ကို ရှောင်နေဖို့ ကမ္မရိုက်ရွာကနေ ဝိဇ္ဇာကုန်းရွာကိုသွား အဲ့ဒီကနေ ကိုးတိုင်လမ်းဆုံဘက်ကနေ ကျုံဒိုးကို ဆက်သွားရတယ်။ အခုအချိန် မိုးတအားရွာနေတော့ တောင်ကျရေ၊ ရာဘာခြံ ၊ ဒူးရင်းခြံတွေက မိုးရေဆင်းလာတော့ ကားတို့ ဆိုင်ကယ်တို့ သွားမရတော့ဘူး။ လှေရှိတဲ့သူတွေကတော့ ဟောင်သရောမြစ်ကနေ ကျုံဒိုးဘက်ကို သွားလို့ရမယ်၊ ကျန်တဲ့နေရာတွေ ရွာတွေဘက်ကိုတော့ သွားလို့မရအောင် စစ်တပ်က လုပ်လိုက်တာပဲ"

ကော့ကရိတ်က ကျေးရွာချင်းဆက်လမ်းမကြီးနှစ်ခုကို စစ်တပ်က ဖျက်ဆီးတာနဲ့ပတ်သက်ပြီး ကော့ကရိတ် မြို့က ခရိုင်ရဲမှူးကြီး သက်ထူးစံနဲ့ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို ဆက်သွယ်ပေမဲ့ တယ်လီဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

ကော့ကရိတ်မြို့နယ်က ကျေးရွာတွေမှာ တယ်လီဖုန်းလိုင်းတွေ အတော်များများနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။

လမ်းတွေပျက်စီးသွားလို့ ကော့ကရိတ်တောင်ပိုင်း အုပ်စု အံဖကြီး၊ မြို့ဟောင်း၊ ကမိုင်ကုန်း၊ မိကသိမ်ကုန်း၊ စက္ကဝက်၊ သုံးဆက်သုံးဆူ၊ အံကလော် ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၃ဝ ကျော်က ဒေသခံတွေဟာ ဆက်သွယ်ရေး လမ်းကြောင်းပိတ်ဆို့တာနဲ့ ကြုံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။