ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲဝင်ပါတီ စတင်ဆောင်ရွက်

ကရင်ပြည်နယ်အတွင်း အပစ်အခတ် ရပ်စဲရေးနဲ့ စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ နေရပ် ပြန်လာ ရေးအတွက် ပါဝင်ဆောင်ရွက်ဖို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက ဦးသိန်းစိန်အစိုးရ ကို တင်ပြထားတယ်လို့ သိရပါတယ်။

2011.05.15
Karen_refugees_FBR_305_z နအဖစစ်တပ်၏ လိုက်လံ တိုက်ခိုက်မှုကြောင့် အိုးအိမ်ကို စွန့်၍ ထွက်ပြေးနေကြရသော ကရင်ဒုက္ခသည်များကို တောတွင်းတနေရာမှာ တွေ့ရပုံဖြစ်ပါသည်။
(Photo: Free Burma Rangers)

ဒီဆောင်ရွက်ချက်ဟာ ကရင် ငြိမ်းချမ်းရေးကော်မတီရဲ့ ပန်ကြားချက်အရ လက်နက်ကိုင် ကရင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ ဖလုံ-စဝေါ်ပါတီ က ကြိုးစား ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် နန်းစေးဝါက ပြောပါတယ်။

“ငြိမ်းချမ်းရေး ကော်မတီဘက်ကတော့ ဒီလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ အဆင်သင့် ဖြစ်နေပါပြီပေါ့။ ကျမတို့တွေကို ဒီဘက်က နိုင်ငံတော်နဲ့ လုပ်ငန်း အကောင်အထည်ဖော်ဖို့ တာဝန်ပေးပါတယ်။ အထူးသဖြင့် ဦးစောသိန်းအောင်နဲ့ ကျမ ဒေါ်နန်းစေးဝါကို ပေါ့နော်”

ကရင် ငြိမ်းချမ်းရေးကော်မတီကို ဘာသာရေးဆိုင်ရာ အကြီးအကဲတွေနဲ့ ဒေသခ ံမြို့မိမြိုဖ ကရင် တိုင်းရင်းသား ၉ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မကြာသေးခင်က ကျင်းပ ပြီးစီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာလည်း ကရင် စစ်ပြေးဒုက္ခသည်တွေ နေရပ် ပြန်လာရေးကိစ္စကို ပါတီဥက္ကဋ္ဌ ဦးစောသိန်းအောင်က တင်ပြခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေကို ပြန်ရောက်တဲ့အခါမှာ ရှင်းပြခဲ့ပေမယ့် အစိုးရရဲ့ကမ်းလှမ်းချက်ကို ကရင်ပြည်သူတွေဘက်က မယုံကြည်တဲ့အကြောင်း နန်းစေးဝါက ပြောပါတယ်။

“လွှတ်တော်မှာတုန်းကတော့ ဖလုံ-စဝေါ်ပါတီက တင်ပြထားပါတယ်။ ဒီကိစ္စကို ကျမတို့ တအားကို လုပ်ချင်တယ်၊ ကရင်ပြည်နယ် လူထုအတွင်းမှာ ဒါကို လိုလားတယ် ဆိုတာကို။ အဲဒီတော့ နိုင်ငံတော်ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဝန်ကြီးက သူတို့လည်း ဒါကို အမြဲတမ်း လက်ကမ်းကြိုဆိုနေပါတယ်ပေါ့။ ဒီကိစ္စကို ပြောတော့ အပစ်အခတ် မရပ်သေးတဲ့အတွက် မယုံရဲသေးဘူးဆိုပြီး အဲဒီဘက်က ရွာသားတချို့က ပြောပါတယ်”

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဖလုံ-စဝေါ်ပါတီရဲ့ တင်ပြချက်နဲ့ ပတ်သက်လို့ ဦးသိန်းစိန် အစိုးရဘက်က တစုံတရာ တုန့်ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိ အခြေအနေမှာ အစိုးရတပ်တွေနဲ့ ကရင် လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။