ကရင်ပြည်နယ်တွင်း လိုင်စင်မဲ့ ကားတွေကို လိုင်စင်ထုတ်ပေးဖို့ ကရင် ၅ ပါတီ တိုက်တွန်း
2016.07.18

ကရင်ပြည်နယ်အတွင်း အသုံးပြုနေတဲ့ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို အရေးယူဖမ်းဆီးတာတွေ မပြုလုပ်ဘဲ သင့်တော်တဲ့အခွန်နှုန်းထားနဲ့ တရားဝင် လိုင်စင်ပြုလုပ်ပေးဖို့ ကရင်နိုင်ငံရေးပါတီ ၅ ပါတီ က မနေ့က အစိုးရ ထံ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်က ဘားအံမြို့မှာ ကရင်နိုင်ငံရေး ပါတီ ၅ ပါတီ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ပြည်သူတွေ မနစ်နာအောင် ကရင်ပြည်နယ်ထဲရောက်ပြီး သား မော်တော်ကားတွေကို လိုင်စင်ထုတ်ပေးဖို့နဲ့ နယ်စပ်ဂိတ်တွေမှာသာ တရားမဝင် တင်သွင်းတာကို ဖမ်းဆီးပိတ်ဆို့တာတွေပြုလုပ်ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီရဲ့ဒုတိယဥက္ကဌ ဦးမန်းအောင်ပြည်စိုး က ပြောပါတယ်။
"ပြည်သူပြည်သားတွေ နယ်မြေထဲကို မော်တော်ယာဉ်များရောက်လာပြီ၊ ရောက်လာပြီးတော့မှ ခုလို လိုက်လံ ဖမ်းဆီးတယ်ဆိုတော့ ပြည်သူပြည်သားတွေက နစ်နာတာပေါ့၊ တကယ်ပိတ်ရမယ့် ထိုင်းနဲ့ မြန်မာနယ် စပ်မှာတော့ မပိတ်နိုင်ဘဲနဲ့ ဒီမှာကျလိုက်ဖမ်းတယ်၊ ဖြစ်သင့်တာကတော့ ပြည်သူအတွက် စဉ်းစားမယ်ဆိုရင် ဟိုမှာပိတ် နောက်ရောက်ပြီးသားဟာကျတော့ တနည်းနည်းနဲ့ လိုင်စင်ထုတ်ပေးဖို့ပေါ့၊ ဘာဖြစ်လို့လဲဆိုရင် ဒီဟာတွေဖမ်းပြီးလို့ရှိရင် လေလံဆွဲပြီးတော့ လိုင်စင်ပေးလိုက်တာပဲ၊ ဒါကျတော့ပေးလို့ရတယ်ဆိုရင် ဒီဘက်မှာလည်း မပေးသင့်ဘူးလားပေါ့လေ၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေပဲ နစ်နာတယ်လေ၊ အဲ့လိုစဉ်းစားပြီး ထုတ်ပြန်တာပါ"
ကရင်ပြည်နယ်အတွင်းမှာ လိုင်စင်မဲ့ကား ထောင်နဲ့ချီ ရှိနိုင်ကြောင်းလည်း ဦးမန်းအောင်ပြည်စိုး က ခန့်မှန်း ပြော ပါတယ်။
လိုင်စင်မဲ့ကားတွေကို ပြီးခဲ့တဲ့တစ်ပတ်ကစပြီး ဘားအံမြို့မှာ ဖမ်းဆီးအရေးယူတာတွေ နေ့စဉ်ပြုလုပ် နေပြီး ကရင်ပြည်နယ်ထဲက အခြားမြို့နယ်တွေမှာတော့ ဖမ်းဆီးတာတွေမရှိဘူးလို့လည်း ပြောပါတယ်။
ကရင်ပါတီ ၅ ပါတီရဲ့ ကြေညာချက်မှာ ၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်းလည်း ပါရှိပါတယ်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်အမျိုးသားပါတီနဲ့ ကရင်ပြည်သူ့ပါတီ စတဲ့ ကရင်နိုင်ငံရေးပါတီ ၅ ပါတီ ပေါင်းစည်းရေးအတွက် ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။