KNU နယ်မြေမှာ နှစ်ပတ်အတွင်း တိုက်ပွဲ ၅၅ ကြိမ်ဖြစ်ပွား၊ ဒေသခံငါးထောင်ကျော် ထွက်ပြေး

RFA Burmese
2023.01.21
KNU နယ်မြေမှာ နှစ်ပတ်အတွင်း တိုက်ပွဲ ၅၅ ကြိမ်ဖြစ်ပွား၊ ဒေသခံငါးထောင်ကျော် ထွက်ပြေး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းမှ ကရင်စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ ခလယ်လွီခရိုင်မှာ ယခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ၁၅ ရက်အထိ တိုက်ပွဲ ၅၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ KNU က ဇန်နဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃) တို့နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သလို ခလယ်လွီထူခရိုင် ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်အတွင်းက ဒေသခံ ၅၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် ၄၇ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ပေမယ့် KNLA တပ်တွေဘက်က နှစ်ဦးသာသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။

စစ်အာဏာသိမ်းပြီးကတည်းက KNU ထိန်းချုပ်ထားတဲ့ နယ်မြေခုနစ်ခုမှာ နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်နှစ်နီးပါးကာလအတွင်း တိုက်ပွဲ ၇၀၀၀ ကျော်ဖြစ်ပွား ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် အရပ်သား နှစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။